ဂျုံကိုစိုက်ပါ၊ ဂျုံကိုစားပါ - ကျန်းမာသောပြည်သူ၊ ကြွယ်ဝသောနိုင်ငံဆီသို့


ဉာဏ်သစ်

 

“ဂျုံကိုစိုက်ပါ၊ ဂျုံကိုစားပါ၊ ဂျုံကိုစားလျှင် အားထက်သန်မာ” ဟူသော စကားက မြန်မာတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ကျောင်းစာအုပ်များ၊ စိုက်ပျိုးရေးပညာပေးအစီအစဉ်များတွင် အသုံးပြုခဲ့သော ဤစကားသည် သီးနှံတစ်မျိုးကို စိုက်ပျိုးရန်တိုက်တွန်းချက်သာ မဟုတ်ပေ။ ယင်းတွင် ကျန်းမာသောပြည်သူ၊ အားကောင်းသော လူ့စွမ်းအားအရင်းအမြစ်၊ အစားအစာဖူလုံရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို မျှော်မှန်းထားသည့် အမျိုးသားအမြင်တစ်ရပ် ကိန်းအောင်းလျက်ရှိသည်။

 

ယနေ့ကမ္ဘာသည် ရာသီဥတုပြောင်းလဲမှု၊ ကမ္ဘာ့ကုန်စည်ဈေးကွက် မတည်ငြိမ်မှုနှင့် အစားအစာဖူလုံရေးစိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် စားရေရိက္ခာထုတ်လုပ်ရေးတစ်ခုတည်းသာ မဟုတ်တော့ဘဲ အမျိုးသားလုံခြုံရေး၏ အခြေခံမဏ္ဍိုင်တစ်ရပ်အဖြစ် ပိုမိုထင်ရှားလာသည်။ “ဂျုံကိုစိုက်ပါ၊ ဂျုံကိုစားပါ” ဟူသော ဆိုရိုးသည် ယနေ့ခေတ်၏ ဖွံ့ဖြိုးရေးအတွေးအခေါ်နှင့်လည်း အံဝင်ခွင်ကျ ဖြစ်နေဆဲဖြစ်သည်။

 

ကမ္ဘာ့အခြေခံစားရေရိက္ခာစနစ်တွင် ဂျုံ၏အရေးပါမှု

 

ထို့ကြောင့် ဂျုံသည် စား‌ရေရိက္ခာသီးနှံတစ်မျိုးထက် ပိုမိုကျယ်ပြန့်သော အဓိပ္ပာယ်ရှိလာသည်။ စိုက်ပျိုးရေး၊ အစားအသောက်စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အပြန်အလှန် ချိတ်ဆက်ပေးနိုင်သည့် စီးပွားရေးသီးနှံတစ်မျိုးအဖြစ် နိုင်ငံအသီးသီးက အရေးထားဖွံ့ဖြိုးလျက်ရှိသည်။

 

ထုတ်လုပ်မှုနှင့် စားသုံးမှုကို မျှတစွာ စီမံခန့်ခွဲနိုင်သော နိုင်ငံများသည် အစားအစာလုံခြုံရေးကို ပိုမိုခိုင်မာစေရုံသာမက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး စီးပွားရေးတိုးတက်မှုကိုလည်း အားပေးနိုင်ကြသည်။ ယင်းသည် ဂျုံကို စိုက်ပျိုးရေးသီးနှံတစ်မျိုးအဖြစ်သာ မမြင်ဘဲ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၏ မဟာဗျူဟာမြောက် အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လာကြသည့် အကြောင်းရင်းဖြစ်သည်။

 

ကမ္ဘာ့စားရေရိက္ခာစနစ်နှင့် မြန်မာ့လူမှုဘဝ

 

လူသားတို့၏ စား‌ရေရိက္ခာသမိုင်းကို ပြန်လည်လေ့လာကြည့်လျှင် ဂျုံသည်ဆန်နှင့် ပြောင်းတို့နှင့်အတူ ကမ္ဘာ့အရေးအပါဆုံး အခြေခံစားရေရိက္ခာသီးနှံ သုံးမျိုးအနက် တစ်မျိုးဖြစ်ကြောင်း တွေ့ရသည်။ ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာသည် နေ့စဉ်စားသုံးသည့် ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်၊ ကိတ်မုန့်၊ စီရီယယ်နှင့် အခြားအစားအသောက် ထုတ်ကုန်များအတွက် အခြေခံကုန်ကြမ်းဖြစ်သော ဂျုံသည် စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ကုန်သွယ်ရေးကဏ္ဍများကို ချိတ်ဆက်ပေးနိုင်သည့် စီးပွားရေးသီးနှံတစ်မျိုးဖြစ်သည်။

 

မြန်မာနိုင်ငံသည် စပါးစိုက်ပျိုးရေးဖြင့် ကျော်ကြားသော်လည်း ဂျုံအခြေခံအစားအစာများ၏ အရေးပါမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာလျက်ရှိသည်။ နံနက်ခင်းတိုင်း လက်ဖက်ရည်ဆိုင်များတွင် နံပြား၊ ပလာတာ၊ ပေါင်မုန့်နှင့် ရှမ်းခေါက်ဆွဲတို့ကို တွေ့မြင်နေရသည်။ ကျောင်းသားများနှင့် ရုံးဝန်ထမ်းများ၏ နံနက်စာများတွင်လည်း ဂျုံမှုန့်ထုတ်ကုန်များသည် အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ ထို့ကြောင့် ဂျုံသည် မြန်မာ့အစားအသောက်ယဉ်ကျေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အခိုင်အမာ နေရာယူလာပြီဖြစ်သည်။

 

ထို့ကြောင့် ဂျုံသည် စားရေရိက္ခာသီးနှံတစ်မျိုးထက် ပိုမိုကျယ်ပြန့်သော အဓိပ္ပာယ်ရှိလာသည်။ စိုက်ပျိုးရေး၊ အစားအသောက်စက်မှုလုပ်ငန်း၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို အပြန်အလှန် ချိတ်ဆက်ပေးနိုင်သည့် စီးပွားရေးသီးနှံတစ်မျိုးအဖြစ် နိုင်ငံအသီးသီးက အရေးထားဖွံ့ဖြိုးလျက်ရှိသည်။

 

ထုတ်လုပ်မှုနှင့် စားသုံးမှုကို မျှတစွာ စီမံခန့်ခွဲနိုင်သော နိုင်ငံများသည် အစားအစာလုံခြုံရေးကို ပိုမိုခိုင်မာစေရုံသာမက စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာခြင်းကြောင့် အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး စီးပွားရေးတိုးတက်မှုကိုလည်း အားပေးနိုင်ကြသည်။ ယင်းသည် ဂျုံကို စိုက်ပျိုးရေးသီးနှံတစ်မျိုးအဖြစ်သာ မမြင်ဘဲ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး၏ မဟာဗျူဟာမြောက် အစိတ်အပိုင်းတစ်ခုအဖြစ် သတ်မှတ်လာကြသည့် အကြောင်းရင်းဖြစ်သည်။

 

“ဂျုံကိုစားလျှင် အားထက်သန်မာ”

 

“ဂျုံကိုစားလျှင် အားထက်သန်မာ” ဟူသော ဆိုရိုးသည် ခေတ်သစ်အာဟာရ သိပ္ပံနှင့်လည်း ကိုက်ညီနေသည်။ ဂျုံတွင် ကာဗိုဟိုက်ဒရိတ်၊ အပင်ပရိုတင်း၊ အမျှင်ဓာတ်၊ ဗီတာမင်ဘီအုပ်စုနှင့်  သံဓာတ်၊ ဇင့်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သည်။ အထူးသဖြင့် ဂျုံစေ့အနှစ် (Wheat Germ) ပါဝင်သော အစားအစာများသည် ကိုယ်ခံအားကို အားပေးပြီး ကျန်းမာသော ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုသည်။

 

သို့သော် ကျန်းမာရေးအတွက် အကျိုးရှိစေရန် ဂျုံကို ဟင်းသီးဟင်းရွက်၊ ပဲ၊ အသားနှင့် သစ်သီးဝလံ များဖြင့် မျှတစွာ တွဲဖက်စားသုံးရန် လိုအပ်ကြောင်းကိုလည်း သတိပြုသင့်သည်။ ဤဆိုရိုးသည် အာဟာရပြည့်ဝသော လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်ရေးအတွက် ယနေ့တိုင် အဓိပ္ပာယ်ပြည့်ဝဆဲဖြစ်သည်။

 

မြန်မာ့ဂျုံစိုက်ပျိုးရေး၏ လက်ရှိအခြေအနေနှင့် စိန်ခေါ်မှု

 

မြန်မာနိုင်ငံ၏ ဂျုံစိုက်ပျိုးဧရိယာမှာ ဟက်တာ ၅၀၀၀၀ ခန့် (ဧက ၁၂၃,၅၀၀ ကျော်) ရှိပြီး နှစ်စဉ် ဂျုံမက်ထရစ်တန် ၇၀၀၀၀ ခန့် ထုတ်လုပ်လျက်ရှိသည်။ ပျမ်းမျှအထွက်နှုန်းမှာ တစ်ဟက်တာလျှင် ၁ ဒသမ ၄ တန်ခန့်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့က အဓိက ထုတ်လုပ်ရာဒေသများဖြစ်သည်။ ဆန်ရိတ်သိမ်းပြီးနောက် စိုက်ပျိုးနိုင်သော ဤသီးနှံသည် မြေယာအသုံးချမှုကို ထိရောက်စေပြီး တောင်သူများ၏ ဝင်ငွေတိုးရေးကို အထောက်အကူပြုသည်။

 

သို့သော် ပြည်တွင်းစားသုံးမှုမှာ မက်ထရစ်တန် ၅၂၀၀၀၀ ခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုမှာ တန် ၇၀၀၀၀ သာရှိသဖြင့် ကျန်လိုအပ်ချက်တန် ၄၅၀၀၀၀ ကို ပြည်ပမှ တင်သွင်းနေရဆဲဖြစ်သည်။ ဤကွာဟချက်သည် နိုင်ငံခြားငွေသုံးစွဲမှု မြင့်မားစေရုံသာမက ကမ္ဘာ့ဈေးကွက်အတက်အကျဒဏ်ကိုလည်း ပိုမိုခံစားရစေသည်။

 

သွင်းကုန်အစားထိုးရေးနှင့် တန်ဖိုးကွင်းဆက်ဖွံ့ဖြိုးရေး

 

ပြည်တွင်းဂျုံထုတ်လုပ်မှု တိုးမြှင့်နိုင်ခြင်းသည် သွင်းကုန်အစားထိုးရေး၏ အဓိကဗျူဟာတစ်ခုဖြစ်သည်။ သို့ရာတွင် ယင်းသည် စိုက်ဧက တိုးချဲ့ခြင်းတစ်ခုတည်းကို မဆိုလိုပါ။ အထွက်နှုန်းမြှင့်တင်ရေး၊ အရည်အသွေးကောင်းမျိုးစေ့များ အသုံးပြုရေး၊ ရေသွင်းစနစ်နှင့် စက်မှုလယ်ယာနည်းပညာများ တိုးတက်လာရေးတို့သည် အခြေခံလိုအပ်ချက်များဖြစ်သည်။

 

ဂျုံ၏ အစွမ်းသတ္တိမှာ ယင်း၏ တန်ဖိုးကွင်းဆက်တွင် တည်ရှိသည်။ လယ်မှ ထွက်သော ဂျုံစေ့များကို ကြိတ်ခွဲစက်ရုံများတွင် ဂျုံမှုန့်အဖြစ်လည်းကောင်း၊ ထိုမှတစ်ဆင့် ပေါင်မုန့်၊ ခေါက်ဆွဲ၊ ဘီစကွတ်နှင့် အသင့်စား အစားအစာများအဖြစ်လည်းကောင်း ဆက်လက်ထုတ်လုပ်နိုင်သည်။ ဤလုပ်ငန်းစဉ် တစ်လျှောက်တွင် ကြိတ်ခွဲရေး၊ ထုပ်ပိုးရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာနိုင်သည်။ ထို့ကြောင့် ဂျုံကဏ္ဍဖွံ့ဖြိုးခြင်းသည် တောင်သူများအတွက်သာမက အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် လူငယ်စွန့်ဦး တီထွင်မှုအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည်။

 

ရေရှည်တည်တံ့သော အနာဂတ်

 

ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့စိုက်ပျိုးရေး၏ အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာသည့်အတွက် မြန်မာ့ဂျုံစိုက်ပျိုးရေးကို Climate-smart Agriculture နည်းလမ်းများဖြင့် အကောင်အထည်ဖော်ရန် လိုအပ်သည်။ ရေချွေတာသော နည်းစနစ်များ၊ မိုးခေါင် ဒဏ်ခံနိုင်သော မျိုးကောင်းများနှင့် မြေဆီလွှာ ထိန်းသိမ်းရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုတည်ငြိမ်စေနိုင်မည်ဖြစ်သည်။

 

ထို့ပြင် တက္ကသိုလ်များ၊ သုတေသနဌာနများနှင့် တောင်သူများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရမည်။ ပြည်တွင်းလိုအပ်ချက်ကို အရည်အသွေးမြင့် ဂျုံဖြင့် ဖြည့်ဆည်းနိုင်ပါက သွင်းကုန်အပေါ် မှီခိုမှုလျော့ကျကာ နိုင်ငံခြားငွေကို ချွေတာနိုင်မည်ဖြစ်သည်။ ရေရှည်တွင် အရည်အသွေးစံနှုန်းများနှင့် ကိုက်ညီသော မြန်မာ့ဂျုံထုတ်ကုန်များသည် ဒေသတွင်း ဈေးကွက်များသို့ တင်ပို့နိုင်သည့် အလားအလာကောင်းများလည်း ရှိနေသည်။

 

ဆိုရိုးစကားတစ်ခု၏တန်ဖိုးသည် စကားလုံးများတွင်မဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်မှုတွင် တည်ရှိသည်။ “ဂျုံကိုစိုက်ပါ” ဆိုသည်မှာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းဖြစ်သည်။ “ဂျုံကိုစားပါ” ဆိုသည်မှာ ကျန်းမာသော လူ့စွမ်းအားအရင်းအမြစ်ကို တည်ဆောက်ခြင်းဖြစ်သည်။ “ဂျုံကိုစားလျှင် အားထက်သန်မာ” ဆိုသည်မှာ အားကောင်းသော ပြည်သူများ၏လက်ရုံးဖြင့် နိုင်ငံတော်၏ စီးပွားရေးကို အားဖြည့်ကာ ကြွယ်ဝချမ်းသာသော အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်နိုင်ကြောင်း သတိပေးနေခြင်းဖြစ်သည်။

 

ထို့ကြောင့် ဂျုံစိုက်ပျိုးရေးကို သိပ္ပံနည်းကျ စီမံခန့်ခွဲမှု၊ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ဖြင့် မြှင့်တင်နိုင်ပါက ဂျုံသည် အစားအစာတစ်မျိုးမျှသာ မဟုတ်တော့ဘဲ ကျန်းမာသော ပြည်သူ၊ ခံနိုင်ရည်ရှိသော စီးပွားရေးနှင့် ကြွယ်ဝချမ်းသာသော နိုင်ငံတော်တည်ဆောက်ရေး၏ အဓိကအင်အားစုအဖြစ် ဆက်လက်ရပ်တည်နေမည်မှာ သေချာလှပေသည်။ ။