ဂါရဝနှင့် နိဝါတမင်္ဂလာ

မာနဟူသည် လူသားတို့၏သန္တာန်၌ အစဉ်သဖြင့် ကိန်းအောင်းနေတတ်သော ကိလေသာတစ်မျိုးဖြစ်သည်။ ပါဠိဘာသာစကားမာန၏ မူရင်းအဓိပ္ပါယ်မှာ “တိုင်းတာခြင်း” ဖြစ်ပြီး မိမိ၏ ရုပ်ဆင်းအင်္ဂါ၊ ဂုဏ်သိက္ခာ၊ ပညာနှင့် စည်းစိမ်ဥစ္စာတို့ကို သူတစ်ပါးနှင့် နှိုင်းယှဉ်တွက်ချက်ရာမှ မာနဖြစ်ပေါ်လာရသည်။ မာနဟူသည် မိမိကိုယ်ကို အမြတ်ဆုံးဟု မှတ်ထင်ခြင်း၊ ထောင်လွှားတက်ကြွခြင်းနှင့် ဝါကြွားခြင်း သဘောပင်ဖြစ်သည်။

 

မာန၏ သဘောအရ မိမိကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ်ရာတွင် မိမိ၏အမျိုးအနွယ်၊ မျိုးရိုးဂုဏ်အဆင့်အတန်းကို အကြောင်းပြုသော ဇာတိမာန၊ စည်းစိမ်ဥစ္စာ၊ ဓနငွေကြေး တောင့်တင်းကြွယ်ဝခြင်းကို အကြောင်းပြုသောဓနမာန၊ ပညာတတ်ခြင်း၊ အသိဉာဏ်နှင့် ဘွဲ့ဒီဂရီကြီးခြင်းကို အကြောင်းပြုသောပညာမာန၊ ရုပ်ရည်ချောမောလှပခြင်း၊ ကိုယ်ခန္ဓာအချိုးအစားပြေပြစ်ခြင်းတို့ကို အကြောင်းပြုသော ရူပမာန၊ အသက်ငယ်ရွယ်နုပျိုခြင်း သို့မဟုတ် အသက်ကြီးခြင်းကို အကြောင်းပြုသော အာယုမာန၊ ရာထူးဌာနန္တရ ကြီးမားခြင်း၊ အာဏာ ပိုင်ဆိုင်ခြင်းကို အကြောင်းပြုသော အာဏာမာနစသည်ဖြင့် မိမိတွင်ရှိသော လောကီဂုဏ်အင်္ဂါ တစ်စုံတစ်ရာတို့ကိုအကြောင်းပြုကာ မာနထောင်လွှားတတ်ကြသည်။

 

သေယျ၊ သဒိသ၊ ဟီနဟူ၍ သူတစ်ပါးတို့ထက် သာလွန်သူ၊ သူတစ်ပါးတို့နှင့် တန်းတူသူ၊ သူတစ်ပါးတို့အောက် နိမ့်ကျသူများရှိနေကြရာတွင် မာနသည် မိမိကိုယ်ကိုစွဲလမ်းကာ “ငါ၊ ငါ့ဥစ္စာ၊ ငါ့လူ” စသည့် ငါအစွဲကြောင့် ငါ့ထက်ဘယ်သူမှမသာစေရဟူသော မာနစိတ်ဖြစ်လာရသည်။ မိမိ၏အဆင့်အတန်းကို သူတစ်ပါးအထက်မှာသာ အမြဲရှိနေစေချင်သော ကပ်ငြိတွယ်တာမှုကို မာနကနောက်ကွယ်မှ တွန်းအားပေးနေတတ်သည်။ စင်စစ်လောကရှိ ရုပ်နာမ်တရား အားလုံးသည် မမြဲခြင်း (အနိစ္စ)၊ ဆင်းရဲခြင်း (ဒုက္ခ)၊ မိမိအလိုအတိုင်း မဖြစ်ခြင်း (အနတ္တ) သဘောတို့ရှိသည်ဆိုသည့် အမှန်တရားကိုမသိမြင်ဘဲ မိမိပိုင်ဆိုင်မှုများတည်မြဲနေမည်ဟု ထင်မှတ်မှားခြင်းကြောင့် မာန ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ မာနသည်ဆင်းရဲဒုက္ခနှင့် အပါယ်လေးဘုံသို့ ကျရောက်စေတတ်သော အကုသိုလ်တရားတစ်ခု ဖြစ်သကဲ့သို့ မာနကြီးခြင်းက လူမှုဆက်ဆံရေးကို ပျက်ပြားစေပြီး မိမိကိုယ်တိုင်ရောပတ်ဝန်းကျင်ကိုပါ ထိခိုက်စေသည့် အဆိပ်အတောက်တစ်မျိုးပင်ဖြစ်သည်။

 

မာန၏ ဆန့်ကျင်ဘက်မှာ နိဝါတဖြစ်၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ၃၈ ဖြာ မင်္ဂလာတရားတော်တွင် တစ်ပါးအပါအဝင်ဖြစ်သည်။ နိဝါတသည် ကိုယ်၊ နှုတ်၊ စိတ်နှလုံး သုံးပါးတို့တွင် မာန်မာနကင်း၍ သိမ်မွေ့နူးညံ့ယဉ်ကျေးစွာပြုခြင်းဖြစ်သည်။ မိမိ၏မျိုးရိုးဇာတိ၊ ကြွယ်ဝချမ်းသာမှု၊ ဉာဏ်ပညာကြီးမြင့်မှု စသည်တို့ကို အကြောင်းပြုသည့် မာန်မာနတို့မရှိခြင်းကြောင့် မိမိအောက် နိမ့်သူ၊ ငယ်သူတို့အပေါ်တွင်ပါ အထင်မသေးဘဲလေးစားသမှု ပြုတတ်သည်။ ရိုသေထိုက်သူကို ရိုသေခြင်းဟူသော ဂါရဝနှင့်ဆက်စပ်နေပြီး မာန်မာနကင်းခြင်းက လူမှုဘဝတွင် ငြိမ်းချမ်းရေးနှင့် ချစ်ခင်လေးစားမှုကို ဖြစ်ပေါ်စေသည်။

 

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့ ယဉ်ကျေးမှုဓလေ့ထုံးတမ်း စဉ်လာအရ သီတင်းကျွတ်ကာလတွင် ဘုရား၊ တရား၊ သံဃာရတနာ မြတ်သုံးပါးတို့အား ပူဇော်သမှုပြုကြခြင်းနှင့်အတူ အမိအဖ၊ ဆရာ သမားတို့နှင့် အသက်၊ ဝါကြီးသူ၊ ကျေးဇူးပြုဖူးသူတို့အား ရိုသေဂါရဝပြုကြသည်ကို မိမိတို့နိုင်ငံအတွင်းမှာသာမက ပြည်ပနိုင်ငံများရှိ မြန်မာတို့ရှိရာ နေရာများတွင်ပါ တွေ့ရသည်။ ဤသို့ရိုသေ ဂါရဝပြုကြခြင်းသည် မိဘဆရာသက်ကြီးဝါကြီး ကျေးဇူးပြုဖူးသူတို့အား ကာယကံ၊ ဝစီကံ၊ မနောကံတည်းဟူသော တစ်ပါးပါးသောကံတို့ဖြင့် ပြစ်မှားကျူးလွန်မှုတို့ရှိခဲ့ပါက အပြစ်တို့မှပြေပျောက်စေခြင်း အကျိုးအတွက် ဝန်ချတောင်းပန် ကန်တော့ကြခြင်းဖြစ်သည်။

 

ဦးနှိမ်ချကာ ပြတ်ဝပ်ရှိခိုးကန်တော့ကြသည့်အခါ မိမိတို့တွင် ရှိနေသည့် အနုသယကိလေသာ မာနတို့ကို ခဝါချကြရသည်။ ရာထူး၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အသက်အရွယ်နှင့် ရုပ်ရည်စသည်တို့ကို အကြောင်းပြု၍ မိမိတို့သန္တာန်တွင် ကိန်းအောင်းနေသည့် မာန်မာနတို့ကို ထိုအခိုက်အတန့်၌ပင်ဖြစ်စေ ဖယ်ကြရှားကြရသည်။ ထိုအခါ တဒင်္ဂအားဖြင့်ဖြစ်စေ မာန်မာနတို့ကင်းကွာကာ နိဝါတတရားနှင့်နှိမ့်ချသည့် အမူအရာတို့ဖြစ်ပေါ်လာသည်။ ထိုအချိန်အခါသည် မင်္ဂလာတရားတို့နှင့် ပြည့်စုံသောအခါသမယပင် ဖြစ်တော့သည်။

 

ဤသို့ ပူဇော်ကန်တော့ရခြင်း၏ အကျိုးများမှာ ပူဇာစ ပူဇနေယျာန မင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ နိဝါတမင်္ဂလာ၊ ကတညုတာမင်္ဂလာ၊ သောဝစဿတာ မင်္ဂလာတရားတို့နှင့်အညီ ကုသိုလ်အကျိုးတရားများ တိုးပွားနိုင်သကဲ့သို့ သက်ကြီးစကား သက်ငယ်ကြားအဖိုးတန်ဆုံးမစကားများကို နာကြားခွင့်ရခြင်း၊ သူတော်ကောင်းတို့၏ ချီးမွမ်းမှုကို ခံရခြင်း၊ ယဉ်ကျေးသူများအဖြစ် အသိအမှတ်ပြုမှုကို ခံယူရခြင်း၊ လူချစ်လူခင်ပေါများ၍ မျက်နှာပွင့်လန်းခြင်းဟူသော အကျိုးထူးတို့လည်း ရရှိနိုင်ကြမည်ဖြစ်သည့်အကြောင်း။ ။