ဂျပန်နှင့် ကျေးဇူးစကား

အောင်အောင်IR

စာရေးသူတို့ အာရှသားများ ပြည်ပတွင် ဆုံမိကြပြီး အတွေ့အကြုံများ ဖလှယ်ကြလျှင် တညီတညွတ်တည်း ညွှန်းဆိုအားကျကြသော နိုင်ငံတစ်နိုင်ငံမှာ ဂျပန်နိုင်ငံ ဖြစ်ပါသည်။ ဂျပန်နိုင်ငံတွင် အနေကြာသည်နှင့်အမျှ သန့်ရှင်းသပ်ရပ်မှု၊ ယဉ်ကျေးသိမ်မွေ့မှု၊ စည်းစနစ်ကျမှု၊ နိုးကြားတက်ကြွမှု၊ တိတ်ဆိတ်ငြိမ်သက်မှု စသည့်ဂျပန် အငွေ့အသက်များသည် ဂျပန်မဟုတ်သော အာရှသား များကို အနည်းနှင့်အများ ဆွဲဆောင်သိမ်းယူမှု ရှိသည်။

 ဂျပန်တွင် မကြာခဏအသုံးပြုလေ့ရှိသော စကားစုတစ်ခု မှာ ‘ကျေးဇူးတင်ပါတယ်’ (Arigato Gozaimasu) ဟူသော စကားစု ဖြစ်သည်။ အမှန်တော့ ကျေးဇူးဆိုသော စကားမှာ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို ကျယ်ပြန့် စွာ အသုံးပြုပါသည်။ မြန်မာတွင်လည်း ကျေးဇူးဆိုသည့် စကားကို မကြာခဏအသုံးပြုလေ့ရှိပါသည်။ သို့နှင့်တိုင် တစ်ဦးနှင့်တစ်ဦးအကြားတွင်ပင် ကျေးဇူးဆိုသည်နှင့် ပတ်သက်ပြီး တွေးခေါ်ပုံခြင်း၊ ဖြန့်ကြက်စဉ်းစားပုံခြင်း၊ အလေးအနက်ထားမှု မတူညီတတ်ကြပါချေ။ ယခု ဆောင်းပါးတွင် ဂျပန်၌ နေထိုင်စဉ်ကာလ ကျေးဇူးနှင့် ပတ်သက်သော အတွေ့အကြုံအချို့ကို ဆန့်ထုတ် ရေးသားချင်ပါသည်။ 

ကျေးဇူးတင်ပါတယ်

ဂျပန်တွင် အစားအစာ မစားသောက်မီ ချက်ပြုတ် ကျွေးမွေးသူအား ချက်ပြုတ်ပြင်ဆင်ပေးခြင်းကို ကျေးဇူး တင်ပါတယ်ဟု အဓိပ္ပာယ်ရသည့် (Itadakimasu) နှင့် စားသောက်အပြီးတွင် ချက်ပြုတ်ကျွေးမွေးသူအား သူ၏လုပ်အားကို ကျေးဇူးတင် အသိအမှတ်ပြုသည့် (Gochisosama deshita) ဟူသော စကားစုများကို ပြောကြားလေ့ရှိသည်။ အမှန်တော့ မစားသောက်မီ ပြောဆိုသော Itadakimasu မှာ ကျေးဇူးတင်ပါတယ် ဆိုသည်ထက် ပိုမိုလေးနက်မှု ရှိပါသည်။ Itadakimasu ဆိုသည့်အဓိပ္ပာယ်တွင် ချက်ပြုတ်ပြင်ဆင်ကျွေးမွေးသူကို ကျေးဇူးတင်ရုံမက ပန်းကန်အတွင်းရှိ သက်မဲ့အစားအစာ များအားလည်း ရည်စူးပြီး မိမိအသက်ခန္ဓာတည်မြဲဖို့ သူတစ်ပါးအသက်ကို စားသုံးရသည့်အတွက် ‘ငါတို့ ရှင်သန်နိုင်စေဖို့ မင်းတို့သေဆုံးပေးခဲ့ရတဲ့အတွက် ကျေးဇူးတင်ပါတယ်’ ဟု အဓိပ္ပာယ်ရပါသည်။ ဂျပန်တို့ အမြင်တွင် စားသည့်ဆန်၊ အသီးအနှံသည်ပင် အသက်ရှိ သည်။ သူတို့ရှင်သန်ဖို့ မြေကြီး စသည့်သဘာဝ ပတ်ဝန်းကျင်က အထောက်အကူပြုရသည်။ ထို့အပြင် ဂျုံ၊ ဆန်စပါး စိုက်ပျိုးသည့် လယ်သမားများ၊ ငါးဖမ်းသမား များပါ အကျုံးဝင်သည်။ အဝေးကြီးအထိ ဆန့်ထုတ် ထည့်သွင်းစဉ်းစားခြင်း ဖြစ်သည်။ စာရေးသူ ဂျပန်သို့ ပထမအကြိမ်ရောက်ရှိစဉ် ဂျပန်မိသားစုတစ်စုနှင့် home-stay နေဖြစ်ခဲ့သည်။ ကိုးလခန့် နေထိုင်စဉ်ကာလ ဂျပန်မိသားစုနှင့် ညစာ အတူစားသုံးခဲ့ရသည်ဖြစ်ရာ မစားမီနှင့် စားသောက်အပြီးတွင် Itadakimasu နှင့် Gochisosama deshita ဆိုသည့်စကားများကို ညတိုင်း ပြောခဲ့ရသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ပြန်ရောက်ပြီး နောက် အမေ့အိမ်တွင် တစ်ခါတစ်ရံ ထမင်းမစားမီနှင့် စားပြီးနောက်ပိုင်းတွင် ထိုစကားစုများကို ပြောဆို ဖြစ်သည်။ အဓိပ္ပာယ်များကိုလည်း ရှင်းလင်းပြောဆို ဖြစ်သည်။ သို့သော် မည်သူမျှလိုက်မပြောပါချေ။ စာရေး သူသာ အူကြောင်ကြောင်နှင့် တစ်ယောက်တည်းပြော ဖြစ်သည်။ မည်သို့ဆိုစေ ကောင်းသည့်အကျင့်ဟု ထင်သဖြင့် စာရေးသူသတိရလျှင်ရသလို ဆက်လက် ပြောနေမိပါသည်။ 

တစ်ခါတစ်ရံ စာရေးသူအိမ်တွင် ပညာဒါန သင်တန်းဖွင့်သည်။ သင်တန်းပြီးလျှင် သင်တန်းဆင်းပွဲ သဘော အချိုရည်၊ မုန့်များအား ပြင်ဆင်ကာ သင်တန်း သားများနှင့်အတူ စားသုံးကြသည်။ စာရေးသူမှာ တစ်ယောက်တည်းနေသူဖြစ်လေရာ သင်တန်းသား ခြောက်ယောက်၊ ခုနစ်ယောက်စာ ပြင်ဆင်ရသည်။ စားပွဲ၊ ထိုင်ခုံ၊ ပန်းကန်များကို ညီညာစွာ ပြင်ဆင်ထားရှိသည်။ ပန်းကန်အတွင်းရှိ မုန့်များ၊ အသီးအနှံများ၊ အချိုရည်များ ကိုလည်း သပ်ရပ်ညီညာစွာ ပြင်ဆင်ထားရှိသည်။ ထို့အတွက် ပင်ပန်းပါသည်။ နံနက် ၉နာရီစမည့် သင်တန်း ဆင်းစားသောက်ပွဲ (အချိုရည်၊ မုန့်) အတွက် နံနက် ၇ နာရီလောက်ကတည်းက အားလုံးစနစ်တကျ ဖြစ်အောင် ပြင်ဆင်ရသည်။ လာရောက်သုံးဆောင်ကြမည့်သူများမှာ ကိုယ့်ထက်အငယ် ကိုယ့်တပည့်များဖြစ်သည့်တိုင် သူတို့ တက်မှ သင်တန်းဖြစ်တည်သည်၊ သူတို့လာမှ ဧည့်ခံပွဲ ဖြစ်သည်ဟူသည့် ကျေးဇူးတင်စိတ်ဖြင့် အချိန်ပေး ပြင်ဆင်ခြင်း ဖြစ်သည်။ 
သင်တန်းဆင်းပွဲ ၁၀ ကြိမ်စလုံး မပျက်မကွက် ထိုသို့ဂျပန်ပုံစံ လုပ်ဆောင်ခဲ့ပါသည်။ ကိုယ်ပင်ပန်းတာ ကိုယ်သာသိပါသည်။ ယခု ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလ အလုပ်မှာအွန်လိုင်းမှ လုပ်ရလေရာ အိမ်မှာအနေများပါသည်။ ကောင်းသည့်အချက်မှာ ယခင်က ထက် ထမင်း၊ ဟင်းများ ပိုမိုချက်ပြုတ်တတ်လာခြင်း ဖြစ်သည်။ အသီးအရွက်ကြော်၊ ဟင်းလျာများမှာ ချက်လျှင် ချက်သလို၊ အမျိုးစုံလျှင် စုံသလို အချိန်ပေးရသည်ဖြစ်လေရာ လူလွတ်ဖြစ်သည့်တိုင် အိမ်ရှင်မများ၏ မီးဖိုချောင်လုပ်အား နှင့် ပင်ပန်းမှုကို ပိုမိုစာနာ နားလည်မိသည်။ သူတို့ ချက်ပြုတ်သည်ကို နေ့စဉ်စားသုံးရသော မိသားစုဝင်များ သည် အိမ်ထောင်ရှင်မများ၊ မိခင်များ၊ အမျိုးသမီးများကို များစွာ ကျေးဇူးတင်သင့်လေသည်။ 

ကျေးဇူးစကားဆိုခဲ့ပါလျှင်

စာရေးသူတို့ မြန်မာတွင်မှာတော့ ကျေးဇူးဆိုသည်မှာ အကန့်အသတ် ရှိပုံရပါသည်။ တော်ရုံ မပြောတတ်ကြပါပေ။ စာရေးသူ၏ မိတ်ဆွေတစ်ယောက် ဂျပန်တွင် စာရေးသူ ကဲ့သို့ home-stay နေခဲ့ပါသည်။ သူ့အား ဂျပန်မိသားစုက အတင်းကျေးဇူးတင်စကား ပြောခိုင်းသည်ဟုဆိုကာ မကျေမနပ်ဖြစ်သည်။ ကျေးဇူးတင်ချင်မှတင်မှာပေါ့ဟု မြည်တွန်တောက်တီးသည်။ စာရေးသူကတော့ ငယ်ငယ် ကတည်းက ကျေးဇူးစကား မကြာခဏဆိုတတ်သည်။ အမေ့ကိုကျေးဇူးဟု ပြောလျှင်ပင် အမေက မိသားစုဝင် အချင်းချင်းပြောစရာလားဟု အပြောခံရသည်။ ကိုယ်က ပြောသလို ကိုယ့်ကိုပြန်ပြောမှလည်း ကြိုက်သည်။ မြန်မာ အိမ်အများစုတွင်မူ ကျေးဇူးစကားဆိုသည်မှာ မိသားစု အချင်းချင်းဆိုလျှင် ပြောစရာမလိုဟုပင် မှတ်ယူသူက အများစုဖြစ်မည် ထင်ပါသည်။ ယခု ဆိုရှယ်မီဒီယာခေတ် ဖြစ်လေရာ သတင်းများ၊ မှတ်ချက်များကို မကြာခဏ လေ့လာလျှင် အချို့ပေါက်ကွဲထွက်လာကြသည်ကို မြင်တွေ့ ရသည်။ တစ်သက်လုံး ကျွေးမွေးထားတယ်၊ နည်းနည်းလေး တောင် အသိအမှတ်မပြုဘူး၊ မအေဘယ်လောက် ပင်ပန်း သလဲ သူတို့မသိဘူး စသည်ဖြင့်အသံများကြားရသည်။ နောက်ဆုံး မိန်းမကွယ်လွန်သွားသည်၊ မိခင် ကွယ်လွန် သွားသည်၊ ထိုအခါမှ ကျန်သူတို့က ကွယ်လွန်သူတို့အား ကျေးဇူးစကား မဆိုလိုက်ရလေခြင်း နောင်တရကြသည်။ တစ်ချိန်က နာမည်ကျော် နိုင်ငံရေးသမားကြီးတစ်ဦးပင်လျှင် သူ့ဇနီး ကွယ်လွန်သောအခါ သူစိတ်မကောင်းဖြစ်သည့် အရာတစ်ခုမှာ နှစ်ပေါင်းများစွာ သူနှင့်အတူ ကောင်း၏ ဆိုး၏ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့သော ဇနီးဖြစ်သူအား မကွယ်လွန်မီ ကျေးဇူးတင်ကြောင်း မပြောလိုက်ရသည်ကို များစွာယူကျုံးမရဖြစ်မိသည်ဟု ပြည်ပအသံလွှင့်ဌာန တစ်ခုသို့ ရင်ဖွင့်ခဲ့ဖူးပါသည်။ စဉ်းစားမိတာတစ်ခုပါ။ ဂျပန် မှာလိုသာ နေ့စဉ်ထမင်းမစားမီ ကျေးဇူးစကားဆိုခဲ့ပါလျှင် ဖြေသာမည်လားဟု တွေးမိသည်။ 

ဂျပန်သို့ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိစဉ် ဂျပန်လူ့အဖွဲ့အစည်းကို ပိုမိုလေ့လာဖြစ်ခဲ့သည်။ ခေတ်အဆက်ဆက်စစ်ပွဲများအတွင်း ကျဆုံးခဲ့သော ပြည်သူများနှင့်စစ်သည်များကို ထားရှိသည့် ယာစုခုနိ နတ်ကွန်း (Yasukuni Shrine) သို့ အလည်ရောက်ဖြစ်ခဲ့သည်။ တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ကြသော နိုင်ငံသား များ၊ စစ်သည်များကို အမှတ်တရ ဂုဏ်ပြုထားရှိသည် ဆိုခြင်းမှာ အဆန်းတော့မဟုတ်ပါ။ စိတ်ဝင်စားမိသည်မှာ နတ်ကွန်းနှင့်ကပ်လျက် စစ်သမိုင်းပြတိုက် (Yushukan)၏ အရှေ့တစ်နေရာတွင် ရိုးရှင်းသဘာဝကျစွာ ထုဆစ် စိုက်ထူထားသော မြင်းရုပ်တုကြီးဖြစ်သည်။ မြင်းရုပ်တု သည် ခေတ်အဆက်ဆက်စစ်ပွဲများအတွင်း ဂျပန်စစ်သည် များ အသုံးပြုရင်း သေဆုံးသွားခဲ့ကြသော မြင်းကောင်ရေ သိန်းပေါင်းများစွာအား ကိုယ်စားပြုသည်ဟု ဆိုပါသည်။ မြင်းရုပ်တုအပြင် စစ်ပွဲများအတွင်း လူသားများ အသုံးပြုရင်း အသက်ဆုံးရှုံးခဲ့ရသော ခွေးများနှင့် စာပို့ခိုများအားလည်း ဂုဏ်ပြုအမှတ်တရရုပ်တုများ ထားရှိသည်။ ဂျပန့်ကျေးဇူး စက်ဝန်းသည် ရှေးခေတ်ကာလစစ်ပွဲများတွင် များစွာ အသုံးဝင်အကျိုးပြုခဲ့သော မြင်း၊ ခွေး၊ ခို စသည့်တိရစ္ဆာန်များ အထိ လွှမ်းခြုံအကျုံးဝင်ပါသည်။ 

မလေးစားစော်ကားရာရောက်

စာရေးသူ ဂျပန်ရှင်တိုနတ်ကွန်းများ၊ ဘုရားကျောင်း များသို့လည်း မကြာခဏ ဝင်ရောက်လည်ပတ်ဖြစ်သည်။ နတ်ကွန်းများ၊ ဘုရားကျောင်းများသည် အားလုံးလိုလို သန့်ရှင်းသပ်ရပ်လှပါသည်။ ဂျပန်နတ်ကွန်းများတွင် ကွယ်လွန်သူများ၏ ဝိညာဉ်များအား ရည်စူးထားရှိ သည်ဖြစ်ပြီး အဆိုပါဝိညာဉ်တော်များကိုလည်း သက်ရှိ ထင်ရှားရှိသည့်အလား စိတ်ဝယ်မှတ်သား ပူဇော်ကြသည်။ အချို့ဂျပန်အိမ်များအတွင်းမှာပင် နတ်ကွန်းငယ်များ ထားရှိကာ သက်ဆိုင်ရာအလိုက် ရည်စူးပူဇော်ကြသည်။ ထို့အတူ ဂျပန်ဘုရားကျောင်းဝင်းများအတွင်း သင်္ချိုင်း နေရာများရှိတတ်ပြီး သေဆုံးသူများ၏ သင်္ချိုင်းကျောက်စာ တိုင်များ စိုက်ထူထားရှိသည်။ စာရေးသူနှင့် ခင်မင်သော ဂျပန်အမျိုးသမီးတစ်ယောက်က ယေဘုယျဂျပန်လူမျိုး များသည် သေဆုံးကွယ်လွန်သူများအနေဖြင့် သေဆုံးသွား သည့်တိုင် တစ်နည်းတစ်ဖုံ ရှင်သန်နေထိုင်လျက်ရှိကြပြီး ကျန်ရစ်သူမိသားစု၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်အား ကြည့်ရှုစောင့်ရှောက်သည်ဟု မှတ်ယူသည်။ သို့ဖြစ်ရာ ကွယ်လွန်ခဲ့ပြီးဖြစ်သော နိုင်ငံသားများ၊ မိသားစုဝင်များကို အကောင်းဆုံးကျေးဇူးပြုခြင်းသည် သူတို့အား အမှတ် အသားပြုသည့်နေရာများအား သက်ရှိများနေထိုင်ရာ နေရာများကဲ့သို့ အမြဲတစေသန့်ရှင်းစင်ကြယ်စေခြင်း ဖြစ်သည်ဟု ဆိုပါသည်။ တစ်နည်းဆိုရလျှင် အမှတ်တရ နေရာများ၊ အလေးအမြတ်ထားရာနေရာများ တခမ်း တနား ထားရှိသော်လည်း အမြဲတစေ သန့်ရှင်းစင်ကြယ်မှု မရှိပါမူ ကွယ်လွန်သူများအား၊ အလေးအမြတ်ပြုသူများအား မလေးစားစော်ကားရာ ရောက်ပါသည်။
 
ထိုသို့ ဘာသာရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ မိမိတို့အလေးအမြတ်ထားရာနေရာများအား ဂရုတစိုက် ရှိရမည်၊ သန့်ရှင်းသပ်ရပ်စွာ ထားရှိရမည်ဆိုခြင်းမှာ လူတိုင်း ခံစားသိမြင်ထားကြသော အခြေခံနားလည်မှုများ ဖြစ်ပါ သည်။ သို့နှင့်တိုင်နိုင်ငံအများအပြားတွင် အထွတ်အမြတ် နေရာများအား သန့်ရှင်းစွာ အမြဲတစေထားရှိနိုင်မှုများ အကန့်အသတ်နှင့်ဖြစ်ပြီး နှစ်ကုန်ချိန်များလောက်မှာသာ သန့်ရှင်းရေးများ အားစိုက်လုပ်ကိုင်ကြသည်ကို တွေ့မြင် ရသည်။ စာရေးသူ မြန်မာနိုင်ငံအနှံ့ရှိ ဘုရားကျောင်းကန် များသို့လည်း ရောက်ရှိလည်ပတ်ဖူးပါသည်။ အချို့နေရာ များမှာ သန့်ရှင်းသပ်ရပ်သော်လည်း အများအပြားမှာ စေတီပုထိုးအတွင်းပိုင်းတွင်ပင် သန့်ရှင်းသပ်ရပ်မှု အားနည်းပြီး ဘုရားနှင့်မဆိုင်သည့် အသုံးအဆောင် ပစ္စည်းများ စုပုံထားရှိသည်ကို မြင်တွေ့ရတတ်သည်။ စာရေးသူတို့ မြန်မာဘုရားစင်များသည်လည်း အိမ်၏ အထွတ်အမြတ်နေရာများ ဖြစ်ကြပါသည်။ ကိုယ့်အိမ်တွင်း ဘုရားစင်နှင့် ဝန်းကျင်နေရာများ အမြဲတစေ သန့်ရှင်းမှု ရှိ၊ မရှိဆိုသည်မှာ မိမိကိုယ်သာ အသိဆုံးဖြစ်ပါလိမ့်မည်။ ဆိုလိုသည်မှာ သတိတရရှိမှု၊ ကျေးဇူးတင်ရှိမှုကို လက်တွေ့ပြသကြရန် ဖြစ်သည်။ 

သန့်ရှင်းသပ်ရပ်စွာထားရှိခြင်းဖြင့် ကျေးဇူးပြု

စာရေးသူဂျပန်နိုင်ငံမှ ဒုတိယအကြိမ် အပြန်တွင် ကျေးဇူးတရားဆိုသည်များကို ပိုမိုတွေးတောဆင်ခြင် နေမိပါတော့သည်။ အိမ်အချို့တွင် ကွယ်လွန်ပြီးသော မိဘဆွေမျိုးပုံများ ချိတ်ဆွဲထားလေ့ရှိသည်။ အချို့လည်း အမှတ်တရမှန်ပေါင်လေးများနှင့် စားပွဲတွင် ထားရှိ သည်။ စာရေးသူငယ်စဉ်က သူငယ်ချင်းအိမ်အချို့ ရောက်လျှင် ကွယ်လွန်ပြီးဖြစ်သော သူတို့ဘိုးဘွားပုံများ ကို စားပွဲများ၊ ဘုရားစင်အောက်ခြေများတွင် ထားရှိသည် ကို သတိပြုမိသည်။ အချို့လည်း ဖုန်အလိမ်းလိမ်း တက်နေသည်၊ အချို့ပုံများမှာလည်း အခြားသော ပစ္စည်း များနှင့် ရောထွေးနေသည်။ ဝန်းကျင်သည် သန့်ရှင်းမှု အားနည်းလှပါသည်။ စာရေးသူ၏ အိမ်တွင်လည်း အခန်းတစ်ခန်းပိုနေသည်ဖြစ်ရာ ထိုအခန်းတွင် ကွယ်လွန် ပြီးဖြစ်သော ဖခင်ကြီးပုံနှင့် ဘိုးဘွားများပုံအချို့ ထားရှိ ဖြစ်သည်။ အခန်းအပိုဆိုတော့ ဒီလိုပဲ အသုံးမလိုသည့် ပစ္စည်းမျိုးစုံ ထည့်သွင်းထားဖြစ်သည်။ ပုံများအရှေ့ရှိ ခုတင်တွင်လည်း တစ်ခါတလေ စာအုပ်အပိုများ၊ ဖိုင်တွဲ များ စုပုံထားဖြစ်သည်၊ တစ်ခါတလေ အဝတ်အစားများ စုပုံထားဖြစ်သည်။

 ထိုနေရာသည် နတ်ကွန်းမဟုတ်ပါ။ ဘုရားစင်မဟုတ်ပါ။ သို့သော် မိဘဘိုးဘွားများ ပုံများ ထားရှိသည့် အလေးအမြတ်ပြုသင့်သည့်အခန်း ဖြစ်ပါ သည်။ ကျေးဇူးတင်သင့်၊ တင်ထိုက်သူများကို အမှတ်တရ ထားရှိသည့်အခန်း ဖြစ်ပါသည်။ စာရေးသူ ဂျပန်နိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် အဆိုပါအခန်းအား အမြဲတစေ သန့်ရှင်းသပ်ရပ်နေစေရန် ပုံမှန်ရှင်းလင်း ဖြစ်သည်။ အခန်းတွင်းရှိ ခုတင်ကိုလည်း အမြဲတစေ သန့်ရှင်းသပ်ရပ်နေစေရန် ပြင်ဆင်ထားရှိဖြစ်သည်။ ညအချိန် လူမရှိသဖြင့် မှောင်မိုက်နေသော အခန်းအတွင်း မီးဖြင့် အလှဆင်ထားသော ပန်းအိုးတစ်အိုးထားရှိကာ ညစဉ် မီးထွန်းညှိဖြစ်သည်။ ဘာရယ်လို့မှတော့ မဟုတ်ပါ။ ကွယ်လွန်ပြီးသော ကျေးဇူးရှိခဲ့ဖူးသည့်သူများကို ကျေးဇူး တင်ကြောင်း သက်ရှိထင်ရှား မပြောနိုင်တော့သည့်တိုင် အိမ်အတွင်းရှိ သူတို့အမှတ်တရနေရာများကို နိုင်သလောက် သန့်ရှင်းသပ်ရပ်စွာထားရှိခြင်းဖြင့် ကျေးဇူးပြုခွင့်ရသည် ကိုပင် စိတ်ဝယ်ကြည်နူးလန်းဆန်းမှု ဖြစ်မိသည်။ 

ဆောင်းပါး အဆုံးသတ်ရသော် ကျေးဇူးဆိုသည်မှာ အင်မတန်လွယ်ကူရိုးရှင်းသော ဝေါဟာရ ဖြစ်ပါသည်။ ကမ္ဘာဦးကာလ လူသားများ စကားမပြောတတ်ခင် ကတည်းက ကိုယ်နှုတ်အမူအရာများဖြင့် ဖော်ပြခဲ့ကြ သောဝေါဟာရဖြစ်သည်။ သို့နှင့်တိုင် ကျေးဇူးနှင့် ပတ်သက်လျှင် တစ်ခါတလေ စာရေးသူတို့သည် အနီးဆုံး သူများကို မေ့လျော့နေတတ်ပါသည်။ လွန်ပြီဆိုမှ နောင်တရတတ်ကြသည်။ အဝေးမှ လက်အုပ်ချီသည်။ အိပ်ရာထဲတွင် ကျိတ်ငိုကြွေးကြသည်။ စာရေးသူ စာများစွာ ဖတ်ခဲ့ဖူးပါသည်။ လူသားအများစု နောက်ဆုံး အချိန်များတွင် ပြောခဲ့ကြသော၊ မှာကြားခဲ့ကြသော စကားများမှာ ခွင့်လွှတ်ပါ၊ ကျေးဇူးတင်ကြောင်း ပြောပေး ပါ၊ ချစ်ပါတယ်ဆိုသောစကားစုများ ဖြစ်ကြသည်။ တစ်နေ့ကိုယ်လည်း နောက်ဆုံးအချိန်ရောက်လာ ပါလိမ့်မည်။ နောင်တများ မရစေရန်၊ နောင်တများ လျော့ပါးစေရန်၊ နောင်တများ မကြီးမားစေရန် လူအချင်းချင်းရှင်သန်ချိန်မှာ ကျေးဇူးစကားများ ပြောပေးကြပါ။ ။