စက်တင်ဘာ ၂၂
ဂျပန်နိုင်ငံ ကန်တိုနှင့် တိုကျိုကျွန်းဒေသများတွင် တိုင်ဖွန်းဒူဂျူအန်ကြောင့် စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုင်ဖွန်းဒူဂျူအန်သည် ယခုအခါ ဂျပန်နိုင်ငံမှထွက်ခွာသွားပြီဖြစ်သော်လည်း မိုးလေဝသ တာဝန်ရှိသူများက အထူးသတိထားနေထိုင်ရန် ပြည်သူများအားတိုက်တွန်းလျက်ရှိသည်။
ချီဘာစီရင်စု ဆာကူရာမြို့ရှိ လူနေရပ်ကွက်အချို့တွင် ယနေ့နံနက်ပိုင်းက ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကာနာဂါဝါစီရင်စု ယိုကိုဆူကာမြို့တွင် မြေပြိုမှုများစွာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
အသက် ၆၀ ကျော် အမျိုးသမီးတစ်ဦးသည် ရွှံ့ရေများ သူမ၏နေအိမ်အတွင်းသို့ စီးဝင်ပြီးနောက် သေဆုံးသွားသည်ဟု အတည်ပြုခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်သမားများသည် အသက် ၇၀ ကျော် အရွယ် ဇနီးမောင်နှံကို ကယ်ဆယ်ရှာဖွေရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။
ထိုစီရင်စု၏ မီအူရာမြို့ရှိ နှစ်ထပ်တိုက်ခန်းတစ်ခုတွင် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ရာ အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
နှစ်ကီလိုမီတာခန့်အကွာရှိ အိမ်တစ်လုံးတွင် အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦး ပျောက်ဆုံးလျက်ရှိပြီး ချီဘာစီရင်စု ဆိုဒီဂါအူရာမြို့ရှိ အလုပ်သမားတစ်ဦးသည် လမ်းပေါ်ရှိ အပျက်အစီးများကို ရှင်းလင်းရေးလုပ်ဆောင်နေစဉ် ဝါးတောအုပ်အတွင်းသို့ ပြုတ်ကျခဲ့ပြီး နောက်ပိုင်းတွင် ၎င်းသေဆုံးကြောင်း အတည်ပြုခဲ့သည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


