ဂျပန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အေဗီဂန် လက်တွေ့စမ်းသပ်မှုစတင်

တိုကျို ၂ ဧပြီ

 

ဂျပန်ဆေးဝါးကုမ္ပဏီတစ်ခုက ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာများကို ကုသနိုင်သည့် အလားအလာရှိသော ဆေးဝါးတစ်မျိုးကို လက်တွေ့ စမ်းသပ်မှုများ စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

 

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀၀ ခန့်ကို ဗိုင်းရပ်စ်ကာကွယ်ဆေး အေဗီဂန်ဖြင့် လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်မည်ဟု Fujifilm Toyama Chemical ကုမ္ပဏီက ပြောကြားသည်။ စမ်းသပ်မှုမှာ ဇွန်လအကုန်ထိ ကြာမြင့်မည်ဖြစ်သည်။ Fujifilm Toyama Chemical ကုမ္ပဏီသည် လွန်ခဲ့သောခြောက်နှစ်က တုပ်ကွေးဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးအဖြစ် အေဗီဂန်ကို ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဆိုးရွားသော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်မှုကြောင့် အေဗီဂန်ဗိုင်းရပ်စ်ကာကွယ်ဆေးကို အစိုးရ၏ခွင့်ပြု ချက်ဖြင့်သာ အသုံးပြုနိုင်ပါသည်။

 

စမ်းသပ်မှုသည် ထိရောက်မှုရှိပြီး ဘေးအန္တရာယ်ကင်းကြောင်း သက်သေပြပါက ကိုရိုနာဗိုင်းရပ်စ်ကုသမှုတွင် အဆိုပါဗိုင်းရပ်စ်ကာကွယ်ဆေး အသုံးပြုခွင့်ရရှိရန် ကုမ္ပဏီ အမှုဆောင်များက စီစဉ်နေသည်။ အေဗီဂန် ဗိုင်းရပ်စ် ကာကွယ်ဆေးဖြင့် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် လူနာများ၏ အဆုတ်များတွင် တိုးတက်မှုများ တွေ့ရှိခဲ့ကြောင်း တရုတ်နိုင်ငံရှိ သုတေသီများက ပြောသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-ကျော်ထိုက်စိုး