တိုကျို စက်တင်ဘာ ၆
ဂျပန်နိုင်ငံက နီပေါနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရုတ်တရက်ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဘေးအန္တရာယ် ကြောင့် သေဆုံးခဲ့ရသူများအား အတည်ပြုဖော်ထုတ်ရာတွင် ကူညီပေးရန်အတွက် ရဲအရာရှိ ငါးဦးကို စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ စေလွှတ်ခြင်းမှာ နီပေါအစိုးရ၏ တောင်းဆိုချက်အရဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီက ပြောကြားခဲ့သည်။
လက်ရှိအချိန်အထိ လူပေါင်း ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး ဂျပန်နိုင်ငံသား ငါးဦးအပါအဝင် လူပေါင်း ၄၇၀၀ ကျော် ပျောက်ဆုံးလျက်ရှိသည်။
အဆိုပါ ရဲအရာရှိ ငါးဦးပါဝင်သော အဖွဲ့တွင် အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ (National Police Agency)မှ ရဲအရာရှိ နှစ်ဦးနှင့် မြို့တော်ရဲဌာန(Metropolitan Police Department) မှ ရဲအရာရှိ သုံးဦးတို့ပါဝင်မည်ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။
အဖွဲ့ဝင်များက ကနဦးအဆင့်အနေဖြင့် သေဆုံးသူများ၏ အထောက်အထားကို အတည်ပြုဖော်ထုတ်ခြင်းအပါအဝင် လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီ၏ အချက်အလက်များအရ နိုင်ငံတကာအရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့များ၏ အဖွဲ့ဝင်များအဖြစ် ပြည်ပဒေသပေါင်း ၁၇ ခုသို့ ရဲအရာရှိပေါင်း ၃၀၀ ကျော်ကို စေလွှတ်ခဲ့ဖူးသည်။
၂၀၂၃ ခုနှစ်တွင် တူကီယဲနှင့် ဆီးရီးယားနိုင်ငံတို့၌ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဂျပန်ရဲအရာရှိများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် အခြားသောလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရဲတပ်ဖွဲ့အေဂျင်စီက ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


