တိုကျို စက်တင်ဘာ ၃၀
ဂျပန်နိုင်ငံ တိုကျိုဒေသအလယ်ပိုင်း အိုင်ဇူကျွန်းသို့ အပူပိုင်းမုန်တိုင်း ဆာရီဂေ ချဉ်းကပ်လာနေကြောင်း တာဝန်ရှိသူများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါမုန်တိုင်းသည် စက်တင်ဘာ ၃၀ ရက် ညမှ အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းအတွင်း ရောက်ရှိလာမည်ဟု သိရသည်။
ဂျပန်နိုင်ငံတောင်ပိုင်း ရေပြင်ကို ဗဟိုပြုနေသည့် အဆိုပါအပူပိုင်းမုန်တိုင်းသည် စက်တင်ဘာ ၃၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တစ်နာရီလျှင် ၁၅ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာနေကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
မုန်တိုင်း၏ ဗဟိုချက်တွင် လေဖိအားမှာ ၁၀၀၀ ဟက်တိုပါစကယ်ရှိပြီး မုန်တိုင်းဗဟိုချက်၏ တောင်ဘက် ၂၂၀ ကီလိုမီတာနှင့် မြောက်ဘက် ၁၆၅ ကီလိုမီတာအတွင်း တစ်နာရီလျှင် ၅၄ ကီလို မီတာနှုန်းရှိသည့် လေတိုက်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါမုန်တိုင်း မရောက်ရှိမီအချိန်အတွင်း အိုင်ဇူကျွန်းတွင် မိုးတိမ်တိုက်များဖြစ်ခဲ့ပြီး ဟာချီ ဂျိုဂျိမကျွန်းတွင် တစ်နာရီလျှင် မိုးရေချိန် ၃၁ ဒသမ ၅ မီလီမီတာအထိ ရွာသွန်းခဲ့သည်။ ဒေသအတွင်း လေတိုက်နှုန်းများ ပြင်းထန်ကာ လှိုင်းကြီးခဲ့ကြောင်း သိရသည်။ ဒေသအတွင်း လှိုင်းကြီးမှုများနှင့်အတူ မြေပြိုမှုများဖြစ်နိုင်သဖြင့် သတိပြု နေထိုင်ကြရန် တာဝန်ရှိသူများက သတိပေးထားသည်။ တိုကျိုဒေသအနီးရှိ ချီဘာစီရင်စုအတွင်း မိုးသည်းထန်စွာရွာ သွန်းနိုင်ကြောင်းနှင့် ဒေသအတွင်း မြေသားများပျော့နေခြင်းနှင့် တာတမံများပျက်စီးခြင်းတို့ကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အင်န်အိတ်ချ်ကေ


