ဂျပန်နိုင်ငံ အိုကီနာဝါဒေသတွင် အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးကျူးလွန်သည့် ပြစ်မှုအတွက် ဒေသခံများ မကျေနပ်မှု မြင့်တက်

တိုကျို     အောက်တိုဘာ     ၅

ဂျပန်နိုင်ငံ၏ အိုကီနာဝါစီရင်စုတွင် တပ်စွဲထားသည့် အမေရိကန်ရေတပ်ဖွဲ့ဝင်တစ်ဦး ကျူးလွန်သော ဓားပြတိုက်လူသတ်မှုတစ်ခုနှင့်ပတ်သက်၍  ဂျပန်အစိုးရက  အမေရိကန်ဘက်သို့  ကန့်ကွက်ကြောင်း အောက်တိုဘာ ၅ ရက်တွင် အသိပေးပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင်  ဒေသတွင်း  အမေရိကန်စစ်အခြေစိုက်စခန်းများ  ရှိနေခြင်းနှင့်  ဂျပန်အစိုးရ၏  ထိရောက်စွာကိုင်တွယ်ဖြေရှင်းမှုမရှိခြင်းတို့ကြောင့်  အလားတူရာဇဝတ်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း   အိုကီနာဝါဒေသခံများက ကန့်ကွက်ပြောကြားခဲ့ပြီး  အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒေသခံများအကြား အမေရိကန်တပ်ဖွဲ့ဝင်များ အား မကျေနပ်မှုမြင့်တက်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၃ ရက်က နာဟာမြို့ရှိ ဟိုတယ်တစ်ခုတွင် ဒေသခံအမျိုးသမီးတစ်ဦးအား လုယက်ပြီး လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသည့် အမေရိကန်ရေတပ်ဖွဲ့ဝင်တစ်ဦးအား အိုကီနာဝါရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။  ယခုကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး  ဆိုးရွားလှသော ရာဇဝတ်မှုမျိုး   ဖြစ်ပွားခဲ့ရခြင်းမှာ  “အလွန်တရာဝမ်းနည်းဖွယ်ရာ ဖြစ်သည်”ဟု ဂျပန်ဝန်ကြီးချုပ် တာကာချီဆာနေးက လူမှုမီဒီယာအိက်စ်တွင် ရေးသားဖော်ပြခဲ့သည်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နှင့် ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi တို့သည် ဂျပန်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး  George Glass  နှင့်  ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များ၏  တပ်မှူး Stephen Jost တို့ကို အသီးသီး ခေါ်ယူတွေ့ဆုံကာ ပြင်းထန်စွာကန့်ကွက်ခဲ့ကြပြီး စည်းကမ်းထိန်းသိမ်းမှုကို တင်းကျပ်ရန်နှင့် အလားတူဖြစ်ရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက်  စေ့စပ်သေချာသောအစီအမံများ ချမှတ်ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ယခုကိစ္စသည် အိုကီနာဝါဒေသတစ်ခုတည်း၏ ပြဿနာမဟုတ်ဘဲ ဂျပန်အစိုးရ၏ ပြဿနာဖြစ်ကြောင်းနှင့်  အလားတူကိစ္စများ ဖြစ်ပွားနေခြင်းရှိသော်လည်း အစိုးရအနေဖြင့် ဖြေရှင်းရန်ပျက်ကွက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောကြား သည်။

အိုကီနာဝါရှိ  Uruma  မြို့တွင်  ဒေသခံများက  “အိုကီနာဝါကို လူတွေ ငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့နေရာတစ်ခု ဖြစ်လာစေပါ” စသည့် ကြွေးကြော်သံများပါဝင်သော ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆင်ဟွာ