ဂျပန်ငလျင်ကြောင့် သေဆုံးသူ ၃၄ ဦးရှိ၊ ထောင်နှင့်ချီ၍ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေ

တိုကျို ဇူလိုင် ၃၀

ဂျပန်နိုင်ငံ ကူမာမိုတိုပြည်နယ်၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ စုစုပေါင်း ၃၄ ဦး ရှိပြီ ဖြစ်ကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးဌာနချုပ်က ထုတ်ပြန်ထားသည်။

ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်ကြောင့် သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စုံစမ်းနေဆဲဖြစ်သူ ကိုးဦးအပါအဝင် စုစုပေါင်း ၃၄ ဦး သေဆုံးခဲ့ကြောင်း ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် သဘာဝ ဘေးတုံ့ပြန်ရေးဌာနချုပ် အစည်းအဝေးတွင် ကူမာမိုတိုပြည်နယ် အစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် ရှစ်ဦးမှာ ယာစွတ်ရှီရိုမြို့ရှိ ငလျင်ကြောင့် ပျက်စီးခဲ့သည့် Nippon Paper Industries စက်ရုံတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြည်နယ်တစ်ဝန်းရှိ ကယ်ဆယ်ရေး စခန်း ၄၀၆ ခု၌ လူပေါင်း ၉၄၀၀ ကျော် ခိုလှုံလျက်ရှိကြောင်း ကူမာမိုတိုပြည်နယ် အာဏာပိုင်များက ပြောသည်။

ထို့ပြင် ငလျင်လှုပ်ခတ်မှုကြောင့် အိမ်ထောင်စု ၇၉၇၀၀ ခန့်မှာ ရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး အိမ်ထောင်စု ၁၉၀၀၀ ဝန်းကျင်မှာ ဇူလိုင် ၃၀ ရက် မွန်းလွဲပိုင်းအထိ လျှပ်စစ်မီးပြတ်တောက်မှု ကြုံတွေ့ခဲ့ကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ