ဂျပန်၌ တိမ်းရှောင်ရေးစင်တာသို့ မသွားရောက်သည့် ငလျင်ဒဏ်သင့်အိမ်ထောင်စု ၂၀၀၀ ကျော်ရှိ

တိုကျို    စက်တင်ဘာ    ၂၈

ဂျပန်နိုင်ငံ ကုမာမိုတိုခရိုင်  ယာဆုရှီရိုမြို့၌  ဇူလိုင်လအတွင်း ပြင်းထန်သော ငလျင်လှုပ်ခတ်ပြီးနောက် ကူညီထောက်ပံ့ မှုများ လိုအပ်နေသော်လည်း တိမ်းရှောင်ရေးစင်တာများသို့ သွားရောက်ခိုလှုံခြင်းမရှိသည့် ငလျင်ဒဏ်သင့် အိမ်ထောင်စု ၂၀၀၀ ကျော်ရှိကြောင်း မြို့တာဝန်ရှိသူများက ပြောကြားသည်။

ထိုကဲ့သို့  တိမ်းရှောင်ရေးစင်တာများသို့   မသွားရောက်သည့် အိမ်ထောင်စုအရေအတွက်မှာ   စက်တင်ဘာ ၂၅  ရက် အထိ ၂၀၀၀ ဝန်းကျင်ရှိသည်။  ယင်းအရေအတွက်သည်  စက်တင်ဘာ  ၂၆ ရက်အထိ တိမ်းရှောင်ရေးစင်တာများ၌ ခိုလှုံနေသည့် အိမ်ထောင်စုအရေအတွက်ထက် လေးဆကျော်များပြားကြောင်း သိရသည်။

တိမ်းရှောင်ရေးစင်တာများသို့  မသွားရောက်သူများသည် ငလျင်ဒဏ်သင့်နေအိမ်များ သို့မဟုတ် အခြားနေရာများတွင် ဆက်လက်နေထိုင်ကြကြောင်း သိရသည်။

ထိုသို့ တိမ်းရှောင်ရေးစင်တာများသို့ ပြောင်းရွှေ့နေထိုင်ရန် ငြင်းဆန်ရသည့် အကြောင်းရင်းများတွင် လယ်ယာမြေများနှင့် အလှမ်းဝေးခြင်း၊ ကိုယ်ရေး ကိုယ်တာ  လွတ်လပ်ခွင့်အတွက် စိုးရိမ်ခြင်းတို့ပါဝင်ကြောင်း   သိရသည်။

မြို့တာဝန်ရှိသူများက အဆိုပါတိမ်းရှောင်သူများထံသို့ သောက်သုံးရေ၊ အစားအစာနှင့် အခြားလိုအပ်သည့်  ထောက်ပံ့ရေးပစ္စည်းများ   ဖြန့်ဝေပေးရန်  စီစဉ်ထားကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ