တိုကျို အောက်တိုဘာ ၁၄
အမေရိကန်အခြေစိုက် ဉာဏ်ရည်တုနည်းပညာကုမ္ပဏီ Anthropic သည် ဂျပန်နိုင်ငံတွင် လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့သည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိနေသည့် ကုမ္ပဏီ၏ ပူးတွဲတည်ထောင်သူတစ်ဦးဖြစ်သူ ဂျက်ခ်ကလာ့ခ်က ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် သုတေသနအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းလျက်ရှိကြောင်းပြောကြားခဲ့သည်။ တိုကျိုမြို့ရှိ ရုံးခွဲသည် Anthropic ၏ အာရှ - ပစိဖိတ်ဒေသအတွင်း ပထမဆုံးရုံးခွဲလည်းဖြစ်သည်။
ကလာ့ခ်သည် အောက်တိုဘာ ၁၄ ရက်က တိုကျိုမြို့ရှိ သတင်းစာရှင်းလင်းပွဲ တစ်ခုသို့ Anthropic ၏ ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တိုဂျိုဟိဒဲတိုရှီနှင့်အတူ တက်ရောက်ခဲ့ပြီး ဂျပန်နိုင်ငံအတွင်း ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု များနှင့် အနာဂတ်အစီအစဉ်များကို ရှင်းလင်းပြောကြားရာ တိုဂျိုက ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက Anthropic ၏ မျိုးဆက်သစ်ဉာဏ်ရည်တုနည်းပညာသုံး ကိရိယာဖြစ်သည့် Claude ကို အသုံးပြုနေသော ဂျပန်စီးပွားရေးလုပ်ငန်းအရေအတွက်သည် ၁၀ ဆခန့်အထိ မြင့်တက်လာခဲ့ကြောင်း၊ ထို့ပြင် မျိုးဆက်သစ်ဉာဏ်ရည်တုနည်းပညာသည် လူ့အဖွဲ့အစည်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို လေ့လာဆန်းစစ်နိုင်ရန် ဂျပန်နိုင်ငံရှိ သုတေသနအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ကလာ့ခ်က ဉာဏ်ရည်တုနည်းပညာ ဖွံ့ဖြိုးတိုးတက်လာခြင်းမှ အကျိုးကျေးဇူးများ ရရှိနိုင်မည့် အလားအလာအရ ဂျပန်နိုင်ငံသည် အထူးကောင်းမွန်သည့် အနေအထားတွင် ရှိနေကြောင်း ပြောကြားခဲ့သည်။ အကြောင်းမှာ ဂျပန်နိုင်ငံသည် ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ထောက်ပံ့ရေး ကွင်းဆက်၊ သိပ္ပံဆိုင်ရာ စက်ကိရိယာများနှင့် စက်ရုပ်နည်းပညာကဏ္ဍ တို့တွင် ကျွမ်းကျင်မှုနှင့် အားသာချက်များ ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် ဆိုက်ဘာတိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း ဟက်ကာများက Anthropic ၏ ဉာဏ်ရည်တုကိရိယာများကို အသုံးပြု၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းမှ တားဆီးနိုင်ရန် ကုမ္ပဏီအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်န်အိတ်ချ်ကေ


