တိုကျို ဩဂုတ် ၂
ဂျပန်အစိုးရက အာဖရိကအနောက်တောင်ပိုင်းရှိ နမီးဘီးယားနိုင်ငံတွင် လုပ်ဆောင်မည့် မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းတစ်ခု၌ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆ သန်းခန့်အထိ ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ဂျပန်နိုင်ငံ၏ ထိပ်တန်းကုန်သွယ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် တိုယိုတာဆူရှို(Toyota Tsusho)က အဆိုပါစီမံကိန်းအတွက် ဖွဲ့စည်းမည့် ကုမ္ပဏီတစ်ခုကို ဦးဆောင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။
လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကို အစိုးရနှင့် ဆက်နွှယ်နေသော သတ္တုနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ ဂျပန်အဖွဲ့အစည်း(Japan Organization for Metals and Energy Security) မှတစ်ဆင့် ပြုလုပ်သွားမည်ဖြစ်သည်။
နမီးဘီးယားနိုင်ငံရှိ သတ္တုတွင်းများတွင် အားကောင်းသော သံလိုက်များထုတ်လုပ်ရာတွင် အလွန် အရေးပါသည့် ဒစ်စ်ပရိုဆီယမ်သတ္တုဓာတ်အများအပြား တွေ့ရှိရသည်။ ထို့ပြင် စမတ်ဖုန်းများတွင် အသုံးပြုသည့် အစ်ထရီယမ်သတ္တုဓာတ်အများအပြားကိုလည်း တွေ့ရှိရသည်။
ဂျပန်နှင့် နမီးဘီးယားအစိုးရတို့က ရှားပါးမြေသားသတ္တု တူးဖော်ရေးလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလက သဘောတူညီခဲ့ကြသည်။
ထိုကဲ့သို့သော မြေရှားသတ္တုများကို လျှပ်စစ်ကားများ၊ စမတ်ဖုန်းများနှင့် အခြားစက်ပစ္စည်းများ ထုတ်လုပ်ရန်အတွက် အသုံးပြုသည်။ လက်ရှိတွင် ဂျပန်နိုင်ငံက မြေရှားသတ္တုရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေကြိုးပမ်းလျက်ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


