ဂမ်ဘီယာသမ္မတ နုတ်ထွက်ပေးရေး ဆန္ဒပြပွဲကို နှိမ်နင်းရာ သုံးဦးသေဆုံး

၂၇ ဇန်နဝါရီ

 

ဂမ်ဘီယာနိုင်ငံ သမ္မတ အာဒမာ ဘာရိုးကို နုတ်ထွက်ပေးရန် ရာပေါင်းများစွာရှိသော နိုင်ငံသားတွေ က လမ်းမတွေပေါ်မှာ ဆန္ဒပြရာ မနေ့က နှိမ်နင်းခံခဲ့ရတဲ့အတွက် လူသုံးဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။  သမ္မတ ဘာရိုး က သူ့ရဲ့သမ္မတသက်တမ်းကို တိုးမြှင့်ချင်ကြောင်း ပြောဆိုပြီးနောက်ပိုင်းမှာ ဆန္ဒပြပွဲတွေ ပြုလုပ်နေတာ လနဲ့ချီပြီးကြာပြီဖြစ်ပေမယ့် ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့အတွက် ပထမဦးအနေနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

 

သမ္မတ ဘာရိုးက ၂၀၁၆ ခုနှစ်မှာ သမ္မတတာဝန်ကို စတင် ထမ်းဆောင်စဉ်က  သုံးနှစ်အကြာမှာ သမ္မတ တာဝန်ကနေ နုတ်ထွက်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် သုံးနှစ်သက်တမ်း ပြည့်ခါနီးမှာ သမ္မတရာထူးကို ၂၀၂၁ ခုနှစ်အထိ ဆက်လက်ရယူပြီး ၂၀၂၁ ခုနှစ်မှာ ရွေးကောက်ပွဲပြုလုပ်ပေးမယ်လို့ ပြောဆိုပါတယ်။

 

ဂမ်ဘီယာ အစိုးရကတော့ မနေ့ကဆန္ဒပြပွဲမှာ တစ်ဦးတစ်ယောက်မှ မသတ်ခဲ့ကြောင်း ငြင်းဆန်ထားပါတယ်။

 

ဂမ်ဘီယာမြို့တော် ဘန်ဂျူးမှာ တနင်္ဂနွေနေ့က ဆန္ဒပြနေသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပစ်ခဲ့ကြောင်း၊ ဆန္ဒပြသူတွေက ကားတာယာတွေကို မီးရှို့ခဲ့သလို ကျောက်ခဲတွေနဲ့ ရဲတွေကို ပစ်ပေါက်ခဲ့တဲ့အတွက် အခုလို ပစ်ခတ်တာဖြစ်ကြောင်း ဆန္ဒပြပွဲကို ရောက်ရှိနေတဲ့ AFP သတင်းထောက်က ပြောပါတယ်။ ဆန္ဒပြသူ ၁၃၇ ဦး လည်း ဖမ်းဆီးကြောင်းသိရပါတယ်။ 

 

ဒဏ်ရာရသူတွေကို ခေါ်ဆောင်သွားရာ ဆာရာကွန်ဒါ ဆေးရုံအုပ်ချုပ်ရေးမှူးက သူတို့ဆေးရုံရောက်ရှိလာတဲ့ တနင်္ဂနွေနေ့ဆန္ဒပြပွဲမှာ နှိမ်နင်းခံရသူတွေထဲက သုံးဦးသေဆုံးကြောင်း ပြောပါတယ်။ ကြက်ခြေနီအဖွဲ့ရဲ့ အပြောအရ လူပေါင်း ၂၈ ဦးကို ဆာရာကွန်ဒါ ဆေးရုံကို ပို့ခဲ့ကြောင်း  သိရပါတယ်။

 

ဂမ်ဘီယာနိုင်ငံဟာ အာဖရိကတိုက်ရဲ့ အသေးငယ်ဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ တခြား အနောက်အာဖရိက အိမ်နီးချင်း နိုင်ငံတွေနဲ့မတူဘဲ လွတ်လပ်ရေးရရှိပြီးကတည်းက တည်ငြိမ်တဲ့ နိုင်ငံဖြစ်ခဲ့ ပါတယ်။ သမ္မတဟောင်း ရာရာ ဂျမေးဟာ ၁၉၉၄ ခုနှစ်မှာ သွေးထွက်သံယို မရှိဘဲ အာဏာသိမ်းပြီး အုပ်ချုပ်ခဲ့ရာ ၂၂ နှစ်အကြာ ၂၀၁၆ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။

 

ဂမ်ဘီယာနိုင်ငံရဲ့ လူဦးရေဟာ ၁ ဒသမ ၉ သန်းရှိပြီး အကျယ်အဝန်းအားဖြင့် ၄,၃၆၁ စတုရန်းမိုင်သာ ရှိပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့ ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်စာဖြစ်ပြီး မန်ဒင်ကာ၊ ဝူးလို့ နဲ့ ဖူလာ ဘာသာစကားတွေလည်း သုံးစွဲတာကို တွေ့ရပါတယ်။ နိုင်ငံတွင်းမှာ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာဝင်တွေသာ နေထိုင်ပြီး လူတစ်ဦးရဲ့ ပျှမ်းမျှ သက်တမ်းဟာ ၅၈ နှစ်(အမျိုးသား)၊ ၆၀နှစ် (အမျိုးသမီး) ဖြစ်ပါတယ်။ နိုင်ငံရဲ့ ငွေကြေးမှာ ဒါလာစီ ဖြစ်ပါတယ်။

 

MDN

ကိုးကား-AFP