ကိုင်ရို စက်တင်ဘာ ၁၆
အီဂျစ်သမ္မတ အယ်လ်စီစီနှင့် ပါလက်စတိုင်း သမ္မတ မာမွတ်အာဘတ်စ်တို့က မြို့တော်ကိုင်ရို၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေး ခိုင်မာစေရေးနှင့် နိုင်ငံရေးအရ ဖြေရှင်းဆောင်ရွက်မှု တိုးတက်စေရေး ကြိုးပမ်း အားထုတ်မှုများကို ဆွေးနွေးခဲ့ကြောင်း အီဂျစ်သမ္မတရုံးက ယနေ့ ပြောကြားခဲ့သည်။
မျှတပြီး ဘက်စုံပါဝင်သော ဖြေရှင်းဆောင်ရွက်မှု တစ်ခုရရှိရေးအတွက် အီဂျစ်နိုင်ငံ၏ ထောက်ခံအားပေးမှုကို သမ္မတ အယ်လ်စီစီက ထပ်လောင်းအတည်ပြုပြောကြားခဲ့ပြီး ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို အာမခံချက်ပေးသည့် သဘောတူညီချက်တစ်ခု မရရှိမချင်း အဆိုပါကိစ္စရပ်သည် ဒေသတွင်း၌ အဓိကကျသော ကိစ္စရပ်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း အီဂျစ်သမ္မတရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂါဇာစစ်ပွဲကို အဆုံးသတ်ရန် ၂၀၂၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် Sharm El-Sheikh ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သော သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ကြားဝင်စေ့စပ်သူများနှင့်အတူ အီဂျစ်နိုင်ငံအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပဋိပက္ခပိုမိုပြင်းထန်လာမှုကို ရပ်တန့်ခြင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့နိုင်ရေး လွယ်ကူချောမွေ့စေခြင်းနှင့် အစောပိုင်းကာလ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် အခြေအနေများ ဖန်တီးပေးခြင်းတို့ဖြင့် သဘောတူညီချက်ကို လိုက်နာဆောင်ရွက်ကြရန် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကို သမ္မတ အယ်လ်စီစီက တိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ပါလက်စတိုင်းပြည်သူများအား နေရပ်စွန့်ခွာစေခြင်း သို့မဟုတ် ၎င်းတို့၏ အမျိုးသားရေးရည်မှန်းချက်ကို ထိခိုက်ပျက်ပြားစေမည့် ကြိုးပမ်းအားထုတ်မှုများကို အီဂျစ်နိုင်ငံအနေဖြင့် လက်မခံကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်းတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်နှင့် မျှတပြီး ရေရှည်တည်တံ့သော ဖြေရှင်းဆောင်ရွက်မှုတစ်ခုရရှိစေရန် အီဂျစ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို သမ္မတ အာဘတ်စ်က ပြောကြားခဲ့ပြီး အဓိက ထောက်ခံအားပေးသူနှင့် ကြားဝင်စေ့စပ်သူအဖြစ် အီဂျစ်နိုင်ငံ၏ ရေရှည်ပါဝင်ဆောင်ရွက်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ပါလက်စတိုင်း နယ်မြေများနှင့် ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ အဆင့်တိုင်းတွင် နိုင်ငံရေးအရ ညှိနှိုင်းဆောင်ရွက်မှုများနှင့် တိုင်ပင်ဆွေးနွေးမှုများကို ပိုမိုအားကောင်းစေရန် သမ္မတနှစ်ဦးစလုံးက သဘောတူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်


