အောက်တိုဘာ ၁၂
အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သည့် တစ်နှစ်ပြည့်အချိန်မှာပင် ဂါဇာဒေသ၌ အစ္စရေး၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
အောက်တိုဘာ ၁၀ ရက်နေ့ ညနေပိုင်းက အစ္စရေးဒရုန်းတိုက်ခိုက်မှုတွင် လူတစ်ဦးသေဆုံးခဲ့ကြောင်းနှင့် အောက်တိုဘာ ၁၁ ရက်နေ့ အစ္စရေး၏ပစ်ခတ်မှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အခြားရှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်းမီဒီယာများက ဖော်ပြထားသည်။
နှစ်နှစ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်ရေးဆွဲခဲ့သည့် ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တစ်ရပ် ရရှိခဲ့ရာ ယင်းသဘောတူညီချက်သည် ယမန်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။
သို့ရာတွင် အစ္စရေးက အချိန်ကာလအလိုက် တိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်းနှင့် အစ္စရေးဘက်ကမူ ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ ၎င်းတို့၏ အဖွဲ့အစည်းကို ပြန်လည်တည်ဆောက်ရန် ကြိုးပမ်းနေသည်ဟု အကြောင်းပြထားကြောင်း ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ရှိ ကျန်းမာရေးအာဏာပိုင်များက ပြီးခဲ့သည့် ၂၄ နာရီအတွင်း လူခုနစ်ဦးသေဆုံးခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစတင်ပြီးနောက်ပိုင်း သေဆုံးသူ စုစုပေါင်း ၁၄၈၈ ဦးအထိ ရှိလာကြောင်း ပြောကြားခဲ့သည်။ ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သေဆုံးသူ ၄၅၀ ကျော်သည် အမျိုးသမီးများနှင့် ကလေးသူငယ်များဖြစ်သည်ဟု သိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်က အပစ်အခတ်ရပ်စဲရေးကြောင့် အတိုင်းအတာ တစ်ခုအထိ သက်သာရာရရှိခဲ့သော်လည်း လုံခြုံရေးအခြေအနေ ကောင်းမွန်လာခြင်းနှင့် လုံလောက်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိခြင်းတို့မှာမူ မဖြစ်ပေါ်သေးကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအစီအစဉ်၏ ဒုတိယအဆင့်တွင် ဟားမတ်စ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အစ္စရေးတပ်ဖွဲ့များကို ဂါဇာကမ်းမြောင်ဒေသမှ ပြန်လည်ရုပ်သိမ်းရန် သတ်မှတ်ထားသည်။
သို့ရာတွင် ထိုအဆင့်များနှင့်ပတ်သက်၍ နှစ်ဖက်အကြား သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေဆဲဖြစ်သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရှေ့ဆက်တိုးတက်မှုများ မည်သည့်အချိန်တွင် ဖြစ်ပေါ်လာမည်ကို ခန့်မှန်းရန် ခက်ခဲလျက်ရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို


