ဂျီဆန်း ၁၁ နှစ်ကြာလက်တွဲလာခဲ့တဲ့ အေဂျင်စီနဲ့ လမ်းခွဲ

တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ မင်းသားတစ်ဦးဖြစ်သူ ဂျီဆန်းဟာ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက် ၁၁ နှစ်ကြာလက်တွဲလာခဲ့တဲ့ အေဂျင်စီ နမ်မိုအက်စ်နဲ့ စာချုပ်ထပ်မံချုပ်ဆိုခဲ့ခြင်းမရှိတော့ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

ဩဂုတ်၁၀ရက်မှာရုပ်ရှင်အသိုင်းအဝိုင်းမှ ကိုယ်စားလှယ်တစ်ဦးက  ဂျီဆန်းနဲ့ နမ်မိုအက်စ်တို့ရဲ့ စာချုပ် သက်တမ်းဟာ လက်ရှိမှာ  ကုန်ဆုံးခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အေဂျင်စီဘက်က အဆိုပါသတင်းဟာ မှန်ကန်ကြောင်းနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်ပေမယ့် လက်ရှိ လုပ်ဆောင်နေတဲ့ ဂျီဆန်းရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပရိုမိုးရှင်းလုပ်ငန်းတွေမှာ ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျီဆန်းဟာ tvN ရုပ်သံလိုင်းမှ စနေ-တနင်္ဂနွေနေ့တိုင်း ထုတ်လွှင့်ပေးလျက်ရှိတဲ့ ဇာတ်လမ်းတွဲရုပ်ရှင် The Devil Judge မှာ ခေါင်းဆောင် ပါဝင်ထားပြီး အဆိုပါ ရုပ်ရှင်အတွက် ဂျီဆန်းကို ဆက်လက်ပံ့ပိုးပေး သွားမှာ ဖြစ်ကြောင်းလည်း နမ်မိုအက်တစ်ဘက်က ပြောကြားခဲ့ ပါတယ်။

ဂျီဆန်းဟာ နမ်မိုအက်တာစ်နဲ့ ၂၀၁၀ ပြည့်နှစ်အတွင်း စတင်လက်တွဲခဲ့တာဖြစ်ပါတယ်။ အဆိုပါ အေဂျင်စီရဲ့ လက်အောက်မှာ လှုပ်ရှားရင်း ဂျီဆန်းဟာ ထူးချွန်ဆုတွေလည်း ရရှိခဲ့ပါတယ်။ လက်ရှိမှာ အေဂျင်စီဟောင်းနဲ့ စာချုပ်သက်တမ်းပြည့်ခဲ့ပြီဖြစ်တဲ့ ဂျီဆန်းဟာ အေဂျင်စီသစ်နဲ့ စာချုပ်ချုပ်ဆိုဖို့နဲ့ တစ်ဦးတည်း အေဂျင်စီတည်ထောင်ဖို့တို့ကို ရွေးချယ်ဆုံးဖြတ်ဖို့ သူ့ရဲ့မန်နေဂျာနဲ့ တိုင်ပင်ဆွေးနွေး နေဆဲဖြစ်တယ်လို့ သိရပါတယ်။

အေးပြည့်