GAP အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး သန်လျင်မြို့နယ်၌ ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၃

 

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် Star City ကြယ်စင်မြို့တော် အိမ်ရာဝင်းအတွင်း သန်လျင်အိမ်ရာ ဖွံ့ဖြိုးတိုးတက်မှု လီမိတက်မှ စိုက်ပျိုးထုတ်လုပ်သော ဟင်းသီးဟင်းရွက်စိုက်ခင်း သုံးဧက၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ စိစစ် ထုတ်ပေးလျက်ရှိသော GAP အသိအမှတ်ပြု လက်မှတ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်သည် သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါက်တာ ဝင်းသန်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးကျော်စိုးဝင်းတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ယင်းသို့ စစ်ဆေးရာတွင် စိုက်ခင်းတာဝန်ခံက အာဟာရရည်ဖြင့် စိုက်ပျိုးထားသော ဆလတ်နှင့် ပလတ်စတစ်ရုံများဖြင့် စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက စားသုံးသူများအတွက် ဘေးအန္တရယ် ကင်းရှင်းပြီး အာဟာရဓာတ်ပြည့်ဝ၍ အရည်အသွေးကောင်းမွန်သော ဟင်းသီး ဟင်းရွက်များအား GAP Guide Line များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)