ဂျာမန်ပိုကယ်ဖလားကို အကြိမ်(၂၀)မြောက် ဘိုင်ယန်ဆွတ်ခူး

  ဇူလိုင်

ဇူလိုင် ၅ ရက် နံနက် အစောပိုင်းက ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲအဖြစ် လေဗာကူဆင်အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ ဘာလင်ရှိ အိုလံပစ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဘိုင်ယန်မြူးနစ်အသင်းက လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဂျာမန်ပိုကယ်ဖလားကို အကြိမ် (၂၀) မြောက် ဆွတ်ခူးနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၆ မိနစ်တွင် အလာဘာကသွင်းယူပေးနိုင်ခဲ့ပြီး ဒုတိယဂိုးကို ကင်မစ်ခ်ျ၏ ဖန်တီးပေးမှုမှတစ်ဆင့် ဂနာဘရီက သွင်းယူပေးနိုင်ခဲ့သည်။ ပထမပိုင်းပွဲချိန်အတွင်း လေဗာ ကူဆင်အသင်းအနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းဘက်ကို ဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် ဘိုင်ယန်မြူးနစ် အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ထားနိုင်သည်။

လေဗာကူဆင်အသင်းအနေဖြင့် ဒုတိယပိုင်းတွင် လူစားလဲမှုများ ပြုလုပ်လာသော်လည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေခဲ့၍ ဘိုင်ယန်မြူးနစ်အသင်းကပင် ပွဲချိန် ၅၉ မိနစ်တွင် တတိယဂိုး ရရှိခဲ့သည်။ ထိုဂိုးကို လီဝမ်ဒေါစကီးက သွင်းယူပေးနိုင်ခဲ့သည်။ လေဗာကူဆင်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၆၃ မိနစ်တွင် ဘင်ဒါက သွင်းယူပေးနိုင်ခဲ့သည်။ ဘိုင်ယန်မြူးနစ်အသင်းအတွက် စတုတ္ထဂိုးကို ပါရီဆစ်၏ ဖန်တီးပေးမှုမှတစ်ဆင့် လီဝမ်ဒေါစကီးကပင် သွင်းယူပေးနိုင်ခဲ့သည်။

လေဗာကူဆင်အသင်းအတွက် ဒုတိယမြောက် ချေပဂိုးကို မိနစ် ၉၀ တွင် ဟာဗက်ဇ်က သွင်းယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်းမှ လီဝမ်ဒေါစကီးသည် ယခုနှစ် ဘောလုံးရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းအတွက် ၄၄ ပွဲ ပါဝင်ကစားထားကာ ၅၁ ဂိုးအထိ သွင်းယူပေးထားနိုင်ကြောင်း သိရသည်။ ၎င်း၏ ဘိုင်ယန်မြူးနစ်အသင်း ကလည်း ဂျာမန်ပိုကယ်ဖလားကို အကြိမ် ၂၀ မြောက် ရရှိခဲ့သည့်အတွက် ယခု နှစ်ရာသီတွင် ဖလားနှစ်လုံး ဆွတ်ခူးထားပြီးဖြစ်သည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ထိုကဲ့သို့ ပြည်တွင်းဖလားနှစ်လုံး ဆွတ်ခူးနိုင်ခြင်းသည် ၁၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ဘိုင်ယန်မြူးနစ်အသင်းသည် ၂၆ ပွဲ ရှုံးပွဲမရှိအောင် ကစားထားနိုင်သည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သည့်အပြင် ၁၇ ပွဲဆက် နိုင်ပွဲရရှိသည့် မှတ်တမ်းကောင်းလည်း ပိုင်ဆိုင်ခဲ့သည်။

ဂျာမန်ပိုကယ်ဖလားကို ၁၉၃၅ ခုနှစ်ကတည်းက စတင်ယှဉ်ပြိုင် ကစားလာခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၈၅ နှစ် တိုင်ခဲ့ပြီလည်း ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲကို ၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက် တည်းက စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၄ ရက်တွင် အဆုံးသတ်နိုင်ခဲ့သည်။ အဆိုပါ ပိုကယ် ဖလားကို ဘိုင်ယန်မြူးနစ်အသင်းက အကြိမ်(၂၀) ဖြင့် အများဆုံးရရှိထားသည်။ ဒုတိယအအောင်မြင်ဆုံးအသင်းမှာ ဝါဒါဘရီမင် အသင်းဖြစ်ပြီး ခြောက်ကြိမ်ရရှိထားသည်။ ဝါဒါဘရီမင် အသင်းအနေဖြင့် အဆိုပါဖလားကို နောက်ဆုံး ရရှိထားသည်မှာ ၂၀၀၉ ခုနှစ်က ဖြစ်ကြောင်း သိရသည်။ ၂၀၁၉-၂၀၂၀ ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲတွင် စုစုပေါင်း သွင်းဂိုးအရေအတွက်မှာ ၂၄၅ ဂိုးရှိပြီး တစ်ပွဲပျမ်းမျှ သွင်းဂိုး အရေအတွက် ၃ ဒသမ ၈၉ ဂိုးရှိကြောင်း သိရသည်။ ပရိသတ် စုစုပေါင်း အရေအတွက်သည်လည်း ၁၃၂၁၆၈၈ ဦးရှိပြီး တစ်ပွဲပျမ်းမျှ ပွဲကြည့်ရှုသူဦးရေ ၂၀၉၇၉ ဦးရှိကြောင်း သိရသည်။ ၂၀၁၈-၂၀၁၉ ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲတွင် ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ် အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဂျာမန်ပိုကယ် ဖလားကို ဆွတ်ခူးထားနိုင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဩဂုတ်လတွင် ချယ်လ်ဆီးအသင်းနှင့် ယှဉ်ပြိုင်ကစားသွားရန် ကျန်ရှိနေ သေးသော်လည်း ပထမအကျော့တွင် ချယ်လ်ဆီးအသင်း ကို သုံးဂိုးပြတ် အနိုင်ရရှိထားသည့်အတွက် နောက်တစ်ဆင့် တက်ရောက်ရန် အလားအလာ ကောင်းနေသည့် အသင်းဖြစ်သည်။

အောင်ဇော်