FIFA ASEAN Cup ပြိုင်ပွဲအုပ်စုနှင့် ကျင်းပမည့်ပုံစံ အတည်ပြုထုတ်ပြန်ပြီး မြန်မာအသင်း Challenge Division အုပ်စု (B) တွင် ကျရောက်

ရန်ကုန်     စက်တင်ဘာ     ၁၀

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နှင့် အာဆီယံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပထမဆုံးကျင်းပမည့် ၂၀၂၆ FIFA ASEAN Cup ပြိုင်ပွဲ အုပ်စုနှင့် ကျင်းပမည့်ပုံစံများ အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာ အသင်းသည်   Challenge Division အုပ်စု (B) တွင် ကျရောက်ခဲ့သည်။

ပြိုင်ပွဲကို  Division နှစ်ခုခွဲ ကျင်းပမည်ဖြစ်ပြီး Premier Division တွင် အသင်းရှစ်သင်း၊   Challenge Division တွင် အသင်းခြောက်သင်း ပါဝင်မည်ဖြစ်သည်။ အုပ်စုခွဲဝေထားမှုအရ Premier Division အုပ်စု(A) တွင် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ အုပ်စု(B) တွင် ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊  Challenge Division အုပ်စု(A)တွင် ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု(B) တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ တီမောအသင်းတို့ ပါဝင်နေသည်။  Premier Division ပွဲစဉ်များကို အင်ဒိုနီးရှား၊ Challenge Division ပွဲစဉ်များကို ဟောင်ကောင်၌ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ Premier Division တွင် အုပ်စု တစ်ခုစီမှ အမှတ်အများဆုံး ထိပ်ဆုံးတစ်သင်းစီမှာ ဗိုလ်လုပွဲ၊ ဒုတိယနေရာရ နှစ်သင်းမှာ တတိယလုပွဲ၊  Challenge Division တွင် အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး ထိပ်ဆုံးတစ်သင်းစီမှာ ဗိုလ်လုပွဲကစားရမည်ဖြစ်သည်။

မြန်မာအသင်းပါဝင်သော  Challenge Division  ပွဲစဉ်များကို စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် စက်တင်ဘာ ၂၄ ရက်တွင် တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဗိုလ်လုပွဲကို အောက်တိုဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

မြန်မာအသင်းကို နည်းပြချုပ်အဖြစ် နော်ဝေ/ဂျာမနီနိုင်ငံသား ယော်အန်ဒါဆန်က ဆက်လက်ကိုင်တွယ်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွက် နှစ်ပတ်ကျော် အချိန်ယူပြင်ဆင်မည်ဖြစ်သည်။ FIFA ASEAN Cup ပြိုင်ပွဲမှာ ယော်အန်ဒါဆင်အတွက် ဒုတိယမြောက် နိုင်ငံတကာပြိုင်ပွဲဖြစ်လာမည်ဖြစ်ပြီး အောင်မြင်မှုရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

ကိုညီလေး