FIFA ASEAN Cup Division 1 ချန်ပီယံဆုဖလားကို အင်ဒိုနီးရှားအသင်း ဆွတ်ခူးရရှိ

 

ရန်ကုန် အောက်တိုဘာ ၅

FIFA ASEAN Cup 2026 ပြိုင်ပွဲ Division 1 ဗိုလ်လုပွဲစဉ်အဖြစ် အုပ်စု (A) ပထမ အင်ဒိုနီးရှားအသင်းနှင့် အုပ်စု (B) ပထမ ထိုင်းအသင်းတို့ ယနေ ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ အိမ်ရှင် အင်ဒိုနီးရှား အသင်းက ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိကာ ချန်ပီယံဖလားဆု ဆွတ်ခူးသွားခဲ့သည်။

 

အဆိုပါ ဗိုလ်လုပွဲစဉ်တွင် နှစ်သင်းစလုံးမှ ဦးဆောင်ဂိုးရရှိရေး အကြိတ်အနယ် တိုက်စစ်ဆင်ကစားခဲ့ကြပြီး ဒုတိယပိုင်း ပွဲချိန် ၈၁ မိနစ်တွင် ထိုင်းအသင်းမှ နီကိုလပ်စ် မစ်ကယ်ဆန် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီး ပွဲချိန် ၈၄ မိနစ်တွင် အင်ဒိုနီးရှားအသင်းအတွက် ဒင်းဂျိမ်းစ်  က ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၈၇ မိနစ်တွင် ထိုင်းအသင်းအတွက် အစ်ကလပ်စ် ဆန်ရွန် က ချေပဂိုး ပြန်လည်သွင်းယူခဲ့သဖြင့် ပုံမှန်ပွဲချိန်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် ပြီးဆုံးခဲ့သောကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ပထမပိုင်း ပွဲချိန် ၁၁၁ မိနစ်၌ ထိုင်းအသင်းအတွက် ပီရာဒိုလ် ချမ်ရာဆာမီ က ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပြီး ပွဲပြီးခါနီး ၁၁၆ မိနစ်တွင် အင်ဒိုနီးရှားအသင်းအတွက် အယ်လ်ကန် ဘက်ဂေါ့တ် က အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူပေးနိုင်ခဲ့သော ကြောင့် အချိန်ပိုပြီးဆုံးချိန်အထိ နှစ်ဂိုးစီဖြင့် ဆက်လက် သရေကျ၍ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရာ အင်ဒိုနီးရှား အသင်းက ပင်နယ်တီအခွင့်အရေးများကို ကောင်းစွာအသုံးချနိုင်ခဲ့ပြီး ထိုင်းအသင်းကို လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ၂၀၂၆ ခုနှစ် FIFA ASEAN Cup Division 1 တံခွန်စိုက် ချန်ပီယံဆုကြီးကို ဆွတ်ခူးနိုင်ခဲ့သည်။

 

ယနေ့ ညနေပိုင်းက ယှဉ်ပြိုင်ခဲ့သည့် FIFA ASEAN Cup 2026 ပြိုင်ပွဲ Division 1 တတိယလုပွဲစဉ်တွင် မလေးရှားအသင်းက ဗီယက်နမ်အသင်း တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိကာ တတိယဆု(ကြေးတံဆိပ်)ကို ဆွတ်ခူးနိုင်ခဲ့သည်။

နေမျိုး၊ ဓာတ်ပုံ-AFF