ရန်ကုန် စက်တင်ဘာ ၂၃
FIFA-ASEAN Cup 2026 ပြိုင်ပွဲ Division 2 အုပ်စုပွဲများကို စက်တင်ဘာ ၂၄ ရက်တွင် ဟောင်ကောင်၌ စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် တီမောအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စုပထမနေ့အဖြစ် ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် လာအိုအသင်းနှင့် ဘရူနိုင်းအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် မြန်မာအသင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ FIFA-ASEAN Cup 2026 ပြိုင်ပွဲ Division 2 တွင် အသင်း ခြောက်သင်းပါဝင်ပြီး အုပ်စု (A) တွင် အိမ်ရှင်ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (B) တွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် တီမောအသင်းများ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပသည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး တစ်သင်းစီသာ ဗိုလ်လုပွဲတက်ရောက်ခွင့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုနှစ်ပွဲကို ဆက်တိုက်ကစားရမည်ဖြစ်ပြီး ဒုတိယပွဲအဖြစ် စက်တင်ဘာ ၂၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ပြီး နှစ်ပွဲဆက် အနိုင်ရပါက ဗိုလ်လုပွဲ စောစီးစွာတက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ယော်အန်ဒါဆင်သည် ယခုပြိုင်ပွဲအတွက် ကစားသမား ၂၃ ဦး ခေါ်ဆောင်သွားပြီး စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများ ပေါင်းစပ်ရွေးချယ်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား-ဇင်ညီညီအောင်၊ ဆန်းဆက်နိုင်(ရန်ကုန်ယူနိုက်တက်)၊ နေလင်းထက်(ဟံသာဝတီယူနိုက်တက်)၊ နောက်တန်း-မြတ်ဘုန်းခန့်(သစ္စာအားမာန်)၊ ဖြိုးပြည့်စုံ (ရှမ်း ယူနိုက်တက်)၊ ဟိန်းဇေယျာလင်း(ရန်ကုန်ယူနိုက်တက်)၊ စိုးမိုးကျော်(ကလပ်အသင်းမရှိ)၊ ဇွဲခန့်မင်း (ရန်ကုန်စီးတီး)၊ အလယ်တန်း-အောင်မျိုးခန့်၊ ဇော်ဝင်းသိန်း (ရန်ကုန်ယူနိုက်တက်)၊ ဝေလင်းအောင် (နီဂျီရီဆီဘန်လမ်-မလေးရှား)၊ ရှိုင်းဝဏ္ဏအောင်(သစ္စာအားမာန်)၊ မိုးဆွေ(ရတနာပုံ)၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ ရဲရင့်အောင်(ရှမ်းယူနိုက်တက်)၊ မြတ်ကောင်းခန့်၊ ခွန်ကျော်ဇင်ဟိန်း (ရန်ကုန်စီးတီး)၊ ကောင်းခန့်ကျော်(ဟံသာဝတီယူနိုက်တက်)၊ ဟိန်းထက်အောင်(မီလာကာ-မလေးရှား)၊ ရှေ့တန်း- ပြည့်စုံအောင်(သစ္စာအားမာန်)၊ ဝင်းနိုင်ထွန်း (ရန်ကုန်စီးတီး)၊ သန်းပိုင် (ရန်ကုန်ယူနိုက်တက်)တို့ ပါဝင်ကြသည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MFF


