ဧရာဝတီတိုင်းဒေသကြီး၌ မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းစပါး ဧက ၁၃ သိန်းကျော် စိုက်ပျိုးထား

ရန်ကုန် အောက်တိုဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီးတွင် မြန်မာ့ဂုဏ်ဆောင် ပေါ်ဆန်းစပါးကို မိုးစပါးအဖြစ် ဧက ၁၃ သိန်းကျော် စိုက်ပျိုးထားကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဧရာဝတီတိုင်းဒေသကြီးရှိ ခရိုင်ရှစ်ခုမှ မြို့နယ်ပေါင်း ၂၀ တွင် ပေါ်ဆန်းမွှေး၊ ပေါ်ဆန်းဘေးကြား၊ ဘေးကြားတောင်ပြန်နှင့် ပေါ်ဆန်းရင် မျိုးစပါးလေးမျိုးကို အဓိကထားစိုက်ပျိုးကြပြီး လက်ပံပေါ်ဆန်းနှင့် သောကြာပေါ်ဆန်းစပါးကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။

 

“ ဒီနှစ်မိုးစပါး ပေါ်ဆန်းတစ်ဧကကို ၆၅ တင်းနဲ့ ၇၅ တင်းကြား ထွက်မယ်လို့ မှန်းထားပါတယ်။ မနှစ်က ပေါ်ဆန်းမိုးစပါး ဧကခုနစ်သိန်းခွဲစိုက်ခဲ့ပြီး ဒီနှစ်မှာ ဧက ၁၃ သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပြီးတော့ မြန်မာ့ပုလဲစပါးလို့ တင်စားခေါ်ဝေါ် ရတဲ့ မြန်မာ့ပေါ်ဆန်းကို ကမ္ဘာ့အကောင်းဆုံးဆန်အဖြစ် သတ်မှတ်ခံရမှုအပေါ် နိုင်ငံ၊ ဌာနနဲ့ စိုက်ပျိုးတောင်သူတွေအတွက် အထူးဂုဏ်ယူဝမ်းမြောက်ရပါတယ်။

 

ပေါ်ဆန်းစပါးဟာ တောင်သူတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ယူဆောင်ပေးမယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းအောင်သန်းက ပြောသည်။

 

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၉ ရက်က ကျင်းပခဲ့သည့် International World Rice Conference 2026 ၏ ဆန်အရည်အသွေးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မြန်မာ့ပေါ်ဆန်းသည် “၂၀၂၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆန်”(The World’s Best Rice Award 2026) ဆုကို ထိုက်ထိုက်တန်တန် ရရှိထားသည်။

 

ညိမ်းသူ(သတင်းစဉ်)

ဓာတ်ပုံ - တိုင်းစိုက်ပျိုးရေး