နေပြည်တော် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရပ်ကွက်ကျေးရွာများအတွင်းရေဖြတ်သန်းစီးဆင်း ဝင်ရောက်မှုဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိလေးမျက်နှာမြို့ပေါ် ရပ်ကွက်ငါးခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်တို့ရှိ ရပ်ကွက်၁၄ခုနှင့် ကျေးရွာအချို့တို့တွင်ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
ထိုသို့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေသည် ဩဂုတ် ၁၄ ရက်တွင် ၇ ပေ ၉ လက်မအထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၄ ပေ ၄ လက်မခန့်သာ ကျန်ရှိသဖြင့် ၃ ပေ ၅ လက်မ ခန့် ကျဆင်းသွားကြောင်း၊ ရေကြည်မြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၂၄ ရက်တွင် ၁၁ ပေ ၂ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၅ ပေ ၁၀ လက်မခန့်သာ ကျန်ရှိသဖြင့် ၅ ပေ ၄ လက်မခန့်အထိ ကျဆင်းသွားခဲ့ကြောင်း၊ ငသိုင်းချောင်းမြို့နယ်အတွင်း ငဝန်မြစ်ရေသည် ဩဂုတ် ၂၃ ရက်တွင် ၁၀ ပေ ၉ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၇ ပေ ခန့်သာ ကျန်ရှိသဖြင့် ၃ ပေ ၉ လက်မခန့် ကျဆင်းသွားကြောင်း၊ ကျုံပျော်မြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၈ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့ တွင် ၆ ပေခန့်သာ ကျန်ရှိသဖြင့် ၂ ပေ ၁ လက်မခန့် ကျဆင်းသွားကြောင်း၊ ကျောင်းကုန်းမြို့နယ်တွင် ငဝန်မြစ်ရေသည် ဩဂုတ် ၃၀ ရက်တွင် ၇ ပေ ၁ လက်မခန့်အထိ အမြင့်ဆုံးဝင်ရောက်ခဲ့ပြီး ယနေ့တွင် ၅ ပေ ၇ လက်မခန့်သာ ကျန်ရှိသဖြင့် ၁ ပေ ၆ လက်မခန့် ကျဆင်းသွားခဲ့ကြောင်း သိရ သည်။
ထိုသို့ ရေပြန်လည်ကျဆင်းသွားခဲ့သည့် မြို့၊ ရွာ၊ ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လမ်းတံတားများ တွင် တင်ကျန်ခဲ့သည့်နုန်းများ၊ အမှိုက်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားများ ပူးပေါင်း၍ ဖယ်ရှားရှင်းလင်းခြင်း၊ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။
ထို့ပြင် ငဝန်ပန်းတာရေဝင်ရောက်မှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နည်းပညာများအသုံးပြု၍ Geobags သဲအိတ်ကြီးများချခြင်း၊ မျောတုတ်တန်းများအတွင်း သဲအိတ်များဖြည့်၍ ကာကွယ်ခြင်းနှင့် Steel Sheet Pile ရိုက်သွင်းခြင်းစသည့် ငဝန်ပန်းတာတမံ နိမ့်ကျနေရာများ ပြန်လည် ခိုင်မာရေးလုပ်ငန်းများကို စက်ယန္တရားများနှင့်လုပ်အားစုများအသုံးပြု၍ အင်တိုက်အားတိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


