ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည့် အကူအညီများ ဆက်လက်ပံ့ပိုးပေးသွားမည်

ပုသိမ် ဩဂုတ် ၁၃

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီးမှ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သည့် အကူအညီများကို တတ်နိုင်သမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ရေဘေးသင့် ပြည်သူများအနေဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲများကို စိတ်ဓာတ်မကျဘဲ အချင်းချင်းဖေးမကူညီ ကာ အတူတကွကျော်ဖြတ်နိုင်မည်ဟု ယုံကြည်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်က လေးမျက်နှာ မြို့နယ် ခမောက်စုကျေးရွာ ပြည်သူများနှင့် တွေ့ဆုံစဉ် အားပေးစကား ပြောကြားသည်။

 

အဆိုပါ ကျေးရွာပြည်သူများနှင့် တွေ့ဆုံစဉ် ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ပြီး ပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က အားပေးစကား ပြောကြားကြပြီး ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ဝမ်းပျက် ဝမ်းလျှောရောဂါ မဖြစ်ပွားစေရေး၊ အစာအဆိပ်သင့်မှု မဖြစ်‌စေရေး၊ မြွေအန္တရာယ် ကာကွယ်ရေးနှင့် တုပ်ကွေးကာကွယ်ဆေးထိုးပေးမည့် အစီအစဉ်များကို အသိပညာပေး ဆွေးနွေးကာ လေးမျက်နှာ မြို့နယ် ပညာရေးဌာနမိသားစုများနှင့် ရေဘေးသင့်ပြည်သူများအတွက် အင်္ဂပူမြို့နယ် ပညာရေးဌာန မိသားစုများက တာဝန်ရှိသူများထံ အလှူငွေများပေးအပ်ကြ သည်။

 

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လေးမျက်နှာမြို့နယ် မိဿလင် ကုန်းကျေးရွာ ပြည်သူများအတွက် ဆန်ရိက္ခာ၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ ပေးအပ်သည်။

 

ထို့ပြင် ဟင်္သာတမြို့နယ် နိဗ္ဗာန် စံပြကျေးရွာရှိ အမျိုးသားပညာဝန် ဦးဖိုးကျားအထိမ်းအမှတ် သုတ စွယ်စုံ စာကြည့်တိုက်တွင် ဦးဖိုးကျား၏ စာအုပ်များ၊ မှတ်တမ်း ဓာတ်ပုံများ ထိန်းသိမ်းထားရှိမှုနှင့် ပြည်သူများ စာအုပ်ငှားရမ်းဖတ်ရှုမှုကို ကြည့်ရှုအားပေးသည်။

 

အဆိုပါ ခရီးစဉ်အတွင်း လေးမျက်နှာမြို့ရှိ ရေဘေးသင့် ပြည်သူများအတွက် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)