ဧရာဝတီဘဏ်နှင့် PRO 1 Global Company Limited တို့ Agent Banking Partnership နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ရန်ကုန် ဩဂုတ် ၁၄

ဧရာဝတီဘဏ်မှ ခွင့်ပြုထားသော ကိုယ်စားလှယ်များမှတစ်ဆင့် ဘဏ်လုပ်ငန်းနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများ ရရှိခြင်းဖြင့် သုံးစွဲသူများ ပိုမိုအဆင်ပြေ လွယ်ကူစေရန် ဧရာဝတီဘဏ်နှင့် PRO 1 Global Company Limited တို့အကြား Agent Banking Partnership နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးသည်။

ယင်းAgent Banking Partnership နားလည်မှုစာချွန်လွှာကို ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ် ပုသိမ်ခန်းမ၌ ကျင်းပခဲ့ကြောင်း ဩဂုတ် ၁၃ ရက် တွင် AYA Bank မှ ထုတ်ပြန်ထားသည်။ ယခုကဲ့သို့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ဧရာဝတီဘဏ်၏ ဝန်ဆောင်မှု သုံးစွဲသူတိုင်း PRO 1 Global Company Limited ဆိုင်ခွဲ သုံးခုဖြစ်သော ရန်ကုန်မြို့ရှိ စက်ဆန်းဆိုင်ခွဲ၊ အရှေ့ဒဂုံဆိုင်ခွဲနှင့် မန္တလေးမြို့ရှိ တမ္ပဝတီဆိုင်ခွဲတို့တွင် ဘဏ်ဝန်ဆောင်မှုများ ရရှိမည်ဖြစ်ပြီး တစ်ချိန်တည်း၌ပင် PRO 1 တွင် စျေးဝယ်သူများလည်း စျေးဝယ်ရင်း ဘဏ်ဝန်ဆောင်မှုကို တစ်ခါတည်း တစ်နေရာတည်းတွင် ရရှိမည်ဖြစ်သည်။

AYA Agent Banking သည် အများပြည်သူများ နေ့စဉ်အသုံးပြုနေသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများဖြစ်ကြသည့် ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ငွေလွှဲခြင်းနှင့် အခြားဝန်ဆောင်မှုများကို ယခင်ကဲ့သို့ ဘဏ်ခွဲများသို့ သီးသန့်သွား ရောက်စရာမလိုဘဲ AYA Agent တိုင်းတွင် လုံခြုံစိတ်ချစွာ ဆောင်ရွက်နိုင်မည်ဖြစ် သည်။

ယခုကဲ့သို့ မိတ်ဖက်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကြောင့် ပြည်သူများ၏ နေ့စဉ်ဘဝကို ပိုမိုအဆင် ပြေလွယ်ကူစေရန်၊ ဘဏ်ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီစေရန်နှင့် ဘဏ် လုပ်ငန်းဆိုင်ရာ နေ့စဉ်လိုအပ်ချက်များကို တစ်နေရာတည်းတွင် အဆင်ပြေစွာ ဖြည့်ဆည်းပေးနိုင်ရန် အတူတကွပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယင်း Agent Banking Partnership နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲ သို့ ဧရာဝတီဘဏ်မှ Chief Executive Officer ဒေါ်သဇင်အောင်၊ Chief Business Officer ဦးနေလင်းထွဋ်၊ Chief Operating Officer ဦးဇော်ထွန်းနိုင် တို့နှင့်အတူ PRO 1 Global Company Limited မှ Managing Director ဒေါ်အေးအေးဟန်၊ Chief Financial Officer Mr. Teerapong Thongmuean နှင့် တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြကြောင်း သိရသည်။

MT