ရန်ကုန် အောက်တိုဘာ ၁၉
မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်းယှဉ်ပြိုင်မည့် ၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ဧရာဝတီအသင်းသည် ခြေစစ်ပွဲအောင်မြင်သဖြင့် နောက်ဆုံးအဆင့် တက်လှမ်းခွင့်ရခြင်းဖြစ်ပြီး အုပ်စု(A)တွင် မြောက်ကိုရီးယားကလပ် နာဂိုရန်အသင်း၊ ဂျပန်ကလပ် ကိုဘေးအသင်း၊ အီရန်ကလပ် ဘမ်ခါတွန်အသင်းတို့နှင့် ကျရောက်နေသည်။
နောက်ဆုံးအဆင့်ကို လေးသင်း သုံးအုပ်စုခွဲကျင်းပမည်ဖြစ်ပြီး အုပ်စုတစ်ခုစီမှ အမှတ်အများဆုံး နှစ်သင်းစီနှင့် တတိယနေရာရ သုံးသင်းအနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်းရှစ်သင်း ကွာတားဖိုင်နယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ဧရာဝတီအသင်းသည် အုပ်စု(A) ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရထားပြီး နိုဝင်ဘာ ၁၊ ၄၊ ၇ ရက်တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ် သည်။
အုပ်စုပွဲများအဖြစ် ဧရာဝတီအသင်းသည် နိုဝင်ဘာ ၁ ရက်တွင် မြောက်ကိုရီးယားကလပ် နာဂိုရန်းအသင်း၊ နိုဝင်ဘာ ၄ ရက်တွင် ဂျပန်ကလပ် ကိုဘေးအသင်း၊ နိုဝင်ဘာ ၇ ရက်တွင် အီရန်ကလပ် ဘမ်ခါတွန်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စုအနေအထားအရ ဧရာဝတီအသင်းသည် အကောင်းဆုံးအုပ်စု တတိယဖြင့်သာ နောက်တစ်ဆင့်တက်ရောက်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်ပြီး အီရန်ကလပ်နှင့် ကစားရမည့်နောက်ဆုံးပွဲမှာ အဆုံးအဖြတ်ဖြစ်လာမည်ဖြစ်သည်။
ဧရာဝတီအသင်းသည် ခြေစစ်ပွဲအုပ်စုပွဲများကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး တရုတ်(တိုင်ပေ)၊ စင်ကာပူနှင့် လက်ဘနွန်ကလပ်များကို ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ-AYWDFC


