ဒုတိယဝန်ကြီး ဦးသာဦး မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော် ၁၁ ဇန်နဝါရီ

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသာဦးက ဘာသာရပ်အလိုက် ပညာရည်ချွန်ပထမဆုရ မောင်သန်းနိုင်ဝင်း၊ မဇင်မာဝင်း၊ မဧပရယ်တင့်ဆွေ၊ မောင်ဇွဲလက်ျာထွဋ်၊ မောင်ဝင်းဝင်းအောင်၊ မမေသူကျော်၊ မသန့်ဇံဇံဝင်း၊ စောစည်သူထွန်း၊ မောင်မင်းမော်ထွန်းနှင့် မောင်မျိုးမြင့်ပိုင်တို့ကို ဆုများပေးအပ်ချီးမြှင့်သည်။

 

5

 

ဆက်လက်၍ တော်ဝင်ရေယာဉ်ဗိသုကာ အသင်း(အင်္ဂလန်)၏ RINA Myanma Shipyard Award ရွှေတံဆိပ်ဆုနှင့် ငွေကျပ်နှစ်သိန်းအား မောင်ဇွဲလက်ျာထွဋ်ကိုလည်းကောင်း၊ Hutchison Port Holdings (Hong kong) ၏ Best Port & Harbour Engineer Student Prize HPH ရွှေတံဆိပ်ဆုနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ အား မမေသူကျော်ကို လည်းကောင်း၊ Maersk Line (Shipping Co.,Ltd) ၏ ပညာရည်ချွန်ဆု Best Marine Electrical System & Electronics Engineer Student Prize ဆု ငွေကျပ်နှစ်သိန်းအား စောစည်သူထွန်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ Furuno Electric Co.,Ltd မှ ပညာရည်ချွန်ဆု Best Nautical Science Student Prize အား မောင်မျိုးမြင့်ပိုင်ကို လည်းကောင်း၊ ဂျပန်နိုင်ငံ YANMAR Co., Ltd မှ Best Marine Engineer Student Prize ရွှေနာရီဆုအား မောင်ဝင်းဝင်းအောင်ကို လည်းကောင်း၊ Starhigh - Asia Pacific Pte.,Ltd မှ ပညာရည် ချွန်ဆုနှင့် Best River & Coastal Engineer Student Prize အမေရိကန်ဒေါ်လာ ၁၀၀၀ အား မသန့်ဇံဇံဝင်းကို လည်းကောင်း၊ Brilliance Marine Training Center မှ ပညာရည်ချွန်ဆု Best Marine Mech - anical Engineer Student Prize ဆု ငွေကျပ် သုံးသိန်းအား မောင်မင်းမော်ထွန်းကို လည်းကောင်း၊ Myanmar Excellent Stars Maritime Training Center ၏ Chief Mate COC Exam အတွက် ပညာသင်ဆုနှင့် အမေရိကန်ဒေါ်လာ ၂၀၀ အား မောင်မျိုးမြင့်ပိုင်ကို လည်းကောင်း ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ကြသည်။

 

ထို့နောက် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်လွင်က ရေယာဉ်တည်ဆောက်မှုပညာဘွဲ့ရ ၃၀၊ ရေကြောင်းအင်ဂျင်နီယာဘွဲ့ရ ၅၅ ဦး၊ ဆိပ်ကမ်းအင်ဂျင်နီယာဘွဲ့ ၂၅ ဦး၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်းအင်ဂျင်နီယာဘွဲ့ရ ၁၀ ဦး၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာဘွဲ့ရ ၂၃ ဦး၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ ဘွဲ့ရ ၄၂ ဦး၊ ရေကြောင်းသိပ္ပံဂုဏ်ထူးဘွဲ့ရ ၅၅ ဦး၊ ရေကြောင်းသိပ္ပံဘွဲ့ရ ၁၁ ဦး၊ ဘွဲ့လွန် ဒီပလိုမာ ၃၃ ဦးနှင့် ထောက်ပံ့သယ်ယူပို့ဆောင်ရေးဒီပလိုမာ ၁၃၁ ဦးတို့ကို သက်ဆိုင်ရာ ဘွဲ့လက်မှတ်နှင့် ဒီပလိုမာဘွဲ့လက်မှတ်များကို ပေးအပ်သည်။

 

8

 

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်သည် ၂၀၀၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘွဲ့နှင်းသဘင်အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ရာ ရေကြောင်းဘက်ဆိုင်ရာဘွဲ့နှင့် ဒီပလိုမာဘွဲ့ရ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၅၂၀၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်