ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း  သတ်မှတ်အရည်အသွေး စံနှုန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၂

 

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပုဗ္ဗသီရိမြို့နယ် (သုခဒီပ) အခြေခံပညာ မူလတန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ (ပုပ္ပါးကုန်း) အခြေခံပညာမူလတန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ် (အကွက်ကြီး-၅)အခြေခံပညာ မူလတန်းကျောင်းနှင့် (ရွှေကြာပင်) အမှတ် (၂၅)အခြေခံပညာ မူလတန်းလွန်ကျောင်းများကို ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ် သတ်မှတ်အရည်အသွေး စံညွှန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်ရာတွင်လိုအပ်မည့်မြေနေရာ အကျယ်အဝန်း၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ Site Plan များနှင့်အညီ အဆောက်အအုံများ တည်ဆောက်ရေးတို့ကိုမှာကြားသည်။

 

ထို့အတူ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ပြီးလာမည့် ဘဏ္ဍာရေးနှစ်အတွက် ဦးစီးဌာနများ၏ ဘဏ္ဍာငွေလိုအပ်ချက်များ၊ ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးသတ်မှတ်ကြရမည်ဖြစ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကာလဝက်အကဲဖြတ်သုံးသပ်မှု (Mid-Term Review - MTR) အတွက်အချက်အလက် ပံ့ပိုးပေးရန်စသည့် အဓိကလုပ်ငန်းစဉ်သုံးခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆွေးနွေးပွဲတွင် လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်းက အလုပ်ရုံဆွေးနွေးပွဲရည်ရွယ်ချက်နှင့် အဓိကရလဒ်များကို ရှင်းလင်းတင်ပြပြီး ဦးစီးဌာနအလိုက်ဆွေးနွေးမှုများ ဆောင်ရွက်ကြကြောင်း သိရသည်။

 

 

 သတင်းစဉ်