ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦး စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၁

 

သာစည်မြို့နယ် သစ်တောဦးစီး ဌာန၏ ကျွန်းသစ်စေ့ထုတ်ဧရိယာ ၂၁ ဧက၊ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သော စီးပွားရေး(ကျွန်း) စိုက်ခင်း ဧက ၁၁၀ နှင့် ၂၀၂၆ ခုနှစ်တွင် စိုက်ပျိုးခဲ့သော စီးပွားရေး (ကျွန်း) စိုက်ခင်း ၁၁၉ ဧကတို့၏ ရှင်သန် အောင်မြင်မှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ယမန်နေ့က သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ထို့အတူ မိတ္ထီလာမြို့နယ်၌ ကျင်းပခဲ့သည့် ၂၀၂၆ ခုနှစ် မိုးရာသီ (စတုတ္ထအကြိမ်) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲနှင့် ၂၀၂၅ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပျိုးပွဲတို့မှ စိုက်ပင်များ၏ ရှင်သန်ကြီးထွားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ ကြည့်ရှုစဉ် မိတ္ထီလာခရိုင် အတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်း များ အထူးအလေးထားဆောင်ရွက်ရန်၊ ပူပြင်းခြောက်သွေ့ရာသီတွင် တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်စေနိုင်သည့် ဒေသတွင်း Fire hotspot ဖြစ်ပေါ်မှု လျှော့ချရေး အလေးထား ဆောင်ရွက်သွားကြရန်မှာကြားသည်။

 

ဆက်လက်၍ မိတ္ထီလာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနမှူးရုံး၌ ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အယ်လ်နီညို လမ်းညွှန်ချက်များနှင့်အညီ သက်ရောက်မှု အနည်းဆုံး ဖြစ်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်၊ ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်း ဆောင်သွားကြရန်၊ Fire hotspot ဖြစ်ပေါ်မှုများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုများနှင့် ပတ်သက်၍လည်း အသိပညာပေး ဟောပြောပွဲများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရန် မှာကြားသည်။

 

ထိုမှတစ်ဆင့် ၂၀၂၅ ခုနှစ် မိုးရာသီတွင် သစ်တောဦးစီးဌာနမှ တာဝန်ယူ စိုက်ပျိုးထားသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (မိုင်တိုင်အမှတ် ၂၇၆/၄) ရှိ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး စိုက်ခင်း ငါးဧက ၊ (မိုင်တိုင် အမှတ် ၂၅၁/၃) တစ်အုပ်တစ်မ စိုက်ခင်း ငါးဧကနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ယူစိုက်ပျိုးထားသော လမ်းဘေးဝဲယာ စိုက်ခင်း ၅၄၅ ပင် ရှင်သန်အောင်မြင်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်