ဒုတိယသမ္မတ ဦးညိုစော ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ရုရှားသမ္မတ၏အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူးနှင့် ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူးတို့အား သီးခြားစီလက်ခံတွေ့ဆုံ


ဗလာဒီဗော့စတော့ စက်တင်ဘာ ၁

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ဗလာဒီဗော့စတော့မြို့၌ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် မစ္စတာ ယူရီပက်ထရိုဗစ်ချ် ထရုညက်ဖ်နှင့် စက်တင်ဘာ ၁ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲတွင် ဗလာဒီဗော့စတော့မြို့၌ တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံဆက်ဆံရေး၊ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး၊ စွမ်းအင်၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရေးနှင့် ဗလာဒီဗော့စတော့မြို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်နိုင်ရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

 

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစောသည် ရုရှားသမ္မတ၏ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင်အတွင်းရေးမှူး မစ္စတာအန်တွန်ကိုဗျာကော့ဗ်၊ ရော့စ်ကွန်ဂရက်စ် ငွေကြေးရန်ပုံငွေအဖွဲ့ ညွှန်ကြားရေးမှူး မစ္စတာအလက်ဇန်းဒါး ရှတီရော့ဗ်တို့နှင့် ဗလာဒီဗော့စတော့မြို့၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံပွဲများသို့ ဒုတိယသမ္မတနှင့်အတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်၊ မြန်မာသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်