နေပြည်တော် အောက်တိုဘာ ၁၅
ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Nguyen Anh Duc အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဗီယက်နမ်နိုင်ငံသမ္မတ၏ ဖိတ်ကြားချက်ဖြင့် နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် ဗီယက်နမ် နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ကာ နှစ်နိုင်ငံဆက်ဆံရေးစာမျက်နှာသစ် ဖွင့်လှစ်နိုင်ခဲ့မှု၊ မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှုမိတ်ဖက် ဆက်ဆံရေး (Comprehensive Cooperative Partnership)ကို ထူထောင်ထားရှိမှု၊မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အိမ်နီးချင်းဒေသတွင်း မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်နိုင်သည့်နယ်ပယ်များ၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်


