ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ  အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) နှင့် အဆင့်မြင့်ပညာအဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြာ

နေပြည်တော် အောက်တိုဘာ ၂၅

 

၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) နှင့် အဆင့်မြင့် ပညာအဆင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၁( MICC-1) ၌ ကျင်းပရာ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ ရေးဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်အမှာစကား ပြောကြားပြီးဆုများ ပေးအပ်ချီးမြှင့်သည်။

 

အခမ်းအနားသို့ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများနှင့်အတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကြီးကြပ် အုပ်ချုပ်သူများ၊ နည်းပြများ၊ ဆုရရှိကြသည့် ပြိုင်ပွဲဝင်အဖွဲ့များမှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပြိုင်ပွဲတွင် ထူးချွန်စွာ ယှဉ်ပြိုင်နိုင်ခဲ့ကြသူများကို ဆုချီးမြှင့်ဂုဏ်ပြုသည့် အခမ်းအနားတစ်ခုသာမက မြန်မာ့ရိုးရာအနုပညာကို တန်ဖိုးထားမြတ်နိုးကြသူများ၏ ကြိုးစားအားထုတ်မှုနှင့် မျိုးဆက်သစ် အနုပညာရှင်များ၏ အနာဂတ်မျှော်မှန်းချက်များကို အသိအမှတ်ပြုအားပေးသည့် အခမ်းအနား ဖြစ်ကြောင်း၊ ယခုရရှိသည့်ဆုများသည် မိမိတို့၏ပင်ကိုအရည်အချင်း၊ လေ့ကျင့်အားထုတ်မှုနှင့် ဇွဲလုံ့လများကို အသိအမှတ်ပြုမှုတစ်ရပ် ဖြစ်သကဲ့သို့ အနုပညာရပ်များကို ဆက်လက်လေ့လာ သင်ယူပြီး ပိုမိုတိုးတက်အောင် ကြိုးစားသွားကြရန်အတွက် တွန်းအားတစ်ရပ်ဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ အနုပညာလောကတွင် အောင်မြင်မှုသည် ဆုတံဆိပ်ရရှိခြင်း တစ်ခုတည်းဖြင့် တိုင်းတာ၍မရဘဲ ပညာရပ်ကို နက်နက်ရှိုင်းရှိုင်း နားလည်တတ်မြောက်မှုနှင့် လူမှုအသိုက်အဝန်း အတွက် အကျိုးပြု နိုင်မှုတို့ဖြင့် တိုင်းတာကြရမည် ဖြစ်ကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ၏ မတူကွဲပြားသည့် ယဉ်ကျေးမှုအမွေအနှစ်များ ကြွယ်ဝသည့်နိုင်ငံဖြစ်ရာ တိုင်းရင်းသားလူမျိုးအသီးသီး၏ အဆို၊ အက၊ အရေး၊ အတီး ရိုးရာ အနုပညာများကို လေ့လာဖော်ထုတ်ခြင်း၊ အပြန်အလှန်မျှဝေခြင်းနှင့် တန်ဖိုးထား လေးစားခြင်းတို့သည် ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မာစေရန် အထောက် အကူပြုကြောင်း၊ အနုပညာသည် ဘာသာ စကားနှင့် ဒေသကွာခြားမှုများကို ကျော်လွန်ပြီး လူတို့၏စိတ်နှလုံးကို ဆက်သွယ်ပေးနိုင်သည့် တံတားတစ်စင်းလည်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲက ရရှိ သည့် အတွေ့အကြုံကောင်းများကို အခြေခံပြီး မြန်မာ့ရိုးရာ အနုပညာများ ရေရှည်ရှင်သန်ဖွံ့ဖြိုးရန် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း လိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတက အဆို မဟာဂီတပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မောင်မျိုးခန့် မောင်မောင်၊ ဒုတိယဆုရရှိသည့် ကရင် ပြည်နယ်မှ မောင်ဝင်းညီညီ၊ ပူးတွဲတတိယ ဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မောင်မြင့်သိန်းဦးနှင့် တနင်္သာရီ တိုင်းဒေသကြီးမှ မောင်ဖုန်းမြင့်မြတ်တို့ကို လည်းကောင်း၊ အဆို မဟာဂီတပြိင်ပွဲ အဆင့်မြင့် ပညာအဆင့် (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးမှ မဟေမာန်ကျော်၊ ဒုတိယဆု ရရှိသည့် ရန်ကုန်တိုင်းဒေသကြီးမှ မဖြိုးဇင်မီကျော်၊ တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ မလင်းလက်ဦး တို့ကိုလည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ် ချီးမြှင့်သည်။

 

 

ယင်းနောက် ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က အဆို မဟာ ဂီတပြိုင်ပွဲ အခြေခံပညာ အဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)၊ (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး)ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်းက အဆိုခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အဆင့်မြင့်ပညာအဆင့် (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းက အဆိုခေတ်ဟောင်း/ကာလပေါ်ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အဆို ခေတ်ဟောင်း/ ကာလပေါ် ပြိုင်ပွဲ အခြေခံ ပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ် အတွင်း) (အမျိုးသား) (အမျိုးသမီး) ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးများက အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊(အသက် ၁၅ နှစ်မှ ၂၀ နှစ် အတွင်း)နှင့် အဆင့်မြင့်ပညာအဆင့်များတွင် အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ်အလိုက် ဆုရရှိကြသူများကို လည်းကောင်း ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့် ကြသည်။

 

 

ဆက်လက်၍ ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ၏ “အလှဝေဖြာ မြန်မာ့ရိုးရာ” သီချင်းဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း)၊ (အသက် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း)နှင့် အဆင့်မြင့်ပညာ အဆင့် ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအား ပထမဆု ၈၆ ဆု၊ ဒုတိယဆု ၈၃ ဆုနှင့် တတိယဆု ၈၁ ဆု စုစုပေါင်း ဆု ၂၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်