ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကျင်းပ

ထားဝယ်  ၇  စက်တင်ဘာ

 

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦး တက်ရောက်သည်။

 

အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ဒုတိယနေ့) အစည်းအဝေး တက်ရောက်မှု အခြေအနေကို မှတ်တမ်းတင်ခြင်း၊ ကြယ်ပွင့်ပြမေးခွန်း ()ခုအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းရာ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြား၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုသည်။

 

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ထားဝယ်မြို့ မြို့ပြဖွံ့ဖြိုးရေး အဆိုပြုတည်နေရာ အပိုင်း(၁) စီမံကိန်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (၁)ဦးက ဆွေးနွေးခြင်း၊ တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး‌ကော်မတီမှ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်၊ သဘောထားမှတ်ချက်အား ဖတ်ကြားရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က အတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

 

ထို့နောက် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို နံနက် ၁၁ နာရီ ၁၄ မိနစ်ခန့်တွင် ရပ်နားခဲ့ပြီး (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)ကို စက်တင်ဘာ ၁၀ ရက် နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း  သိရသည်။

 

(ခရိုင်ပြန်/ဆက်)