ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

ရန်ကုန် ၈ ဇန်နဝါရီ 

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ယနေ့အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တိုင်းဒေသကြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကုဋေဖြိုးအောင်က လွှတ်တော်ဥက္ကဋ္ဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြ မေးခွန်း ၅ ခုကို မေးမြန်းရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့က ပြန်လည်ဖြေကြားရှင်းလင်းသည်။

လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ လှိုင်မြို့နယ်(၁၃)ရပ်ကွက်၊ ဗဟိုလမ်းနှင့် သီရိမြိုင်လမ်းမကြီးအတွင်းရှိ ပိတောက်ချောင်း ဧရိယာအား မြေထိန်းနံရံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက အဘယ့်ကြောင့်ဖြစ်သည်၊ ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လှိုင်မြို့နယ် ပိတောက်ချောင်း၏ အရှည်သည် ပေ ၈၅၀၀ ခန့်ရှိကြောင်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်က အရှည်အားဖြင့် ပေ ၆၆၀ ကို မြေထိန်းနံရံ ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း၊ သို့သော်လည်း အခြားဘက်အခြမ်းတွင်ဆောင်ရွက်ရန် ပေ ၃၄၀ ကျန်ရှိနေကြောင်း၊ ကျန်ရှိနေသည့် အပိုင်းကို မြေထိန်းနံရံဆောင်ရွက်ပေးနိုင်ရန် လာမည့်ဘတ်ဂျက်တွင် ပြန်လည်တွက်ချက်၍ တင်ပြစေမည်ဖြစ်ကြောင်း၊ ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ သို့သော်လည်း အရေးကြီးသည့် အပိုင်းဖြစ်သည့်အတွက် ပိုလျှံဘတ်ဂျက်မှရခဲ့လျင်လည်း ပြုလုပ်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ မရှိခဲ့မှသာလျင် လာမည့် ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲ ဝေရရှိမှုမှတောင်းခံပြီး ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် ကျောင်းအားကစားကွင်းများ၊ ကျောင်းဆေးပေးခန်းများ၊ ကျောင်းစာကြည့်တိုက်များထားရှိမှု အရေအတွက်နှင့် ရာခိုင်နှုန်းမည်မျှရှိသည်ကို သိရှိလိုကြောင်း၊ လိုအပ်နေသော ကျောင်းများအားလည်း မည်သည့်ကာလ၊ မည်သည့်အချိန်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်းပေါင်း ၂၇၅၃ ကျောင်းရှိပြီး ယင်းတို့အနက် သီးသန့်စာကြည့်တိုက်ရှိသော ကျောင်း ၅၉၆ ကျောင်း၊ မိုဘိုင်းစာကြည့်တိုက် ရှိသောကျောင်း ၁၈၇၂ ကျောင်း၊ စုစုပေါင်း ၂၄၆၈ ကျောင်းရှိရာ ရာခိုင်နှုန်းအားဖြင့် ပြည့်မီခြင်းမရှိသေးကြောင်း၊ ကျောင်းအားကစားကွင်းရှိသော ကျောင်းမှာ ၇၉ ကျောင်းသာ ရှိသေးကြောင်း။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆင့်မြင့်ကျောင်းများအဖြစ် မြို့နယ်ပေါင်း ၃၃ မြို့နယ်မှ ကျောင်းပေါင်း ၆၀ ကို ထူထောင်ပြီးဖြစ်ကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ အခြေခံပညာဦးစီးဌာနသို့ လုပ်ငန်းအားလုံးအတွက် ကျောင်းပေါင်း ၅၁၃ ကျောင်း လျာထားတင်ပြခဲ့သော်လည်း ရရှိရန်ပုံငွေအရ ကျောင်းပေါင်း ၁၈၄ ကျောင်းသာ ခွင့်ပြုချက်ရရှိခဲ့ကြောင်း၊ ယင်း ၁၈၄ ကျောင်းတွင် အားကစားကွင်း ၃ ကွင်း၊ အားကစားရုံ ၁ ရုံ၊ စာကြည့်တိုက် ၇ ခုသာ လျာထားနိုင်ခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုကျောင်းများအားလုံးတွင် အန္တရာယ်ရှိကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ကျောင်းဆောင်များနှင့် သဘာဝဘေးများအတွက်သာ ဦးစားပေးလျာထားဆောင်ရွက်ခဲ့သဖြင့် ရရှိဘဏ္ဍာ ငွေများပိုလျှံလာပါက ကျောင်းအားကစားကွင်းနှင့် ကျောင်းစာကြည့်တိုက်များအတွက် လိုအပ်သလို ဖြည့်ဆည်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

လှိုင်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်မာဌေး၏ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်တွင် နှစ်စဉ်ရေကြီးရေလျှံဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ရန်အတွက် သမိုင်းချောင်းတွင် မြေထိန်းနံရံဆောင်ရွက်ရန် လိုအပ်ပါသောကြောင့် အောင်ဓမ္မရိပ်သာ အနောက်ကျောဘက်တွင် ကျန်ရှိနေသော မြေထိန်းနံရံအပိုင်းအား ယခုလာမည့်ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် အရှည် ပေ ၁၀၀၀ ကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဗဟိုလမ်းနှင့် ဘုရင့်နောင်လမ်းကြားတွင် အရှည် ပေ ၁၀၀၀ ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အောင်ဓမ္မရိပ်သာ နောက်ကျောမှစ၍ အရှည်ပေ ၁၀၀၀ ကို မြေထိန်းနံရံ ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အရှည်ပေ ၁၀၀၀ ထည့်သွင်းလျာထား ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့်အပိုင်းများကို ဘဏ္ဍာငွေခွဲဝေရရှိမှု အပေါ် မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်၏ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပညာရေးမှူးရုံးအား ဖျက်သိမ်း၍ RC နှစ်ထပ်ရုံး အဆောက်အဦသစ် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက လည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၏ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာ လမ်းမကြီး၏ ဘယ်၊ ညာနှစ်ဖက်အား ပလက်ဖောင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိကိုသိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက လည်းကောင်း ပြန်လည်ဖြေကြားကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်နဝါရီ ၁၃ ရက် နံနက် ၁၀ နာရီတွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်