ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

နေပြည်တော်  ၄   နိုဝင်ဘာ

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကဦးတီခွန်မြတ် က ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလတွင် ဆောင်ရွက်ဆဲဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ကြရမည်ဖြစ်ပြီး လွှတ်တော်အသီးသီးတွင် ဆောင်ရွက်ရန်ကျန်ရှိသည့် ဥပဒေကြမ်းများအပါအဝင် အခြားလွှတ်တော်ဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးအလိုက် ဆွေးနွေးအတည်ပြု ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

 

ပြည်သူကိုကိုယ်စားပြုခြင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်သည့် ဥပဒေများပေါ်ထွက်လာစေရေး ဆွေးနွေးအတည်ပြုခြင်းနှင့် အပြန်အလှန်ထိန်းကျောင်းခြင်း လုပ်ငန်းတာဝန်များသည် ဥပဒေပြုလွှတ်တော်များ၏ အဓိကတာဝန်များဖြစ်ပါကြောင်း၊ ယင်းတာဝန်များကို ဆောင်ရွက်ကြရာတွင် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ပိုမိုရှင်သန်ခိုင်မာစေရန်နှင့် ကိုယ်စားပြုနယ်မြေအလိုက် ပြည်သူများ၏ ဆန္ဒနှင့်ကိုက် ညီသည့် လူမှုစီးပွားဘဝ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းမြှင့်တင်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ပြီး အပြန်အလှန်အလေးထားမှု၊ နားလည်မှုများဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ခွင့်ရရှိထားသည့် မြို့နယ်ပေါင်း (၃၂၅)မြို့နယ် အနက် ယနေ့အထိ (၃၀၉)မြို့နယ်က လုပ်ငန်းပြီးစီးကြောင်း အစီရင်ခံစာများတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြို့နယ်များ အနေဖြင့်လည်း စနစ်တကျဖြင့် အချိန်မီပေးပို့ နိုင်ရေးအလေးထား ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ထို့ပြင် ၂၀၁၉-၂၀၂၀ ဘဏ္ဍရေးနှစ်အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ပြည်သူလူထု အကျိုးပြုလုပ်ငန်းများကို အဖွဲ့ဝင်အားလုံးတူညီသည့်ဆန္ဒ၊ သဘောထားများနှင့် စနစ်တကျ စိစစ်ရွေးချယ်ပြီး လုပ်ငန်းဆောင်ရွက်ခွင့် အဆိုပြုချက်ပုံစံ(၁)ကို သတ်မှတ်ချက်နှင့်အညီရေးဆွဲကာ ဗဟိုကော်မတီသို့ အချိန်မီပေးပို့တင်ပြကြရန် မှာကြားလိုပါကြောင်း။

 

2

 

လွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်း ကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးလမာနော်အောင်နှင့် ဦးနိုင်သီဟတို့၏ ကိုယ်စားပြု ပါတီပြောင်းလဲသတ်မှတ်ခြင်းနှင့် ဦးစိန်ဝင်း၊ ဦးအောင်ကျော်ဇံနှင့် ဦးမြင့်နိုင်တို့ ဆန္ဒအလျောက် နုတ်ထွက်ခြင်းကိစ္စများနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင်ဖြစ်သည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးထံမှ တင်ပြစာပေးပို့မှု ရှိခဲ့ပါကြောင်း။

 

ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ ကိုယ်စားပြု ပါတီပြောင်းလဲခြင်းသည် ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်၍ရသည့် ကိစ္စရပ် မဟုတ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်ရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်အရ ဆောင်ရွက်ခြင်းအပေါ်တွင် ပြည်ထောင်စုလွှတ်တော်ရုံးအနေဖြင့် လက်ရှိအခြေအနေ နှင့်ကိုက်ညီအောင် အမိန့်ကြော်ငြာစာ ထုတ်ပြန်အသိပေးခြင်း ဖြစ်သည့်အတွက် လွှတ်တော်၏ အတည်ပြုချက်ရယူရန် မလိုအပ်သည့်ကိစ္စရပ် ဖြစ်ပါကြောင်း။

 

ထို့အတူ ပြင်ဆင်ရေးပူးပေါင်းကော်မတီဝင် သုံးဦးသည် ၎င်းတို့ဆန္ဒအလျောက် နှုတ်ထွက်သည့် ကိစ္စမှာလည်းလွှတ်တော်၏ သဘောတူညီချက်ရယူရန် မလိုသည့် ကိစ္စဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးတွင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှလည်းကောင်း၊ လွှတ်တော်အဖွဲ့အစည်းများ၏ အဖွဲ့ဝင်အဖြစ်မှလည်းကောင်း နှုတ်ထွက်ခွင့်ရသည့် လုပ်ပိုင်ခွင့်ကိုလွှတ်တော်ဆိုင်ရာ ဥပဒေများအရရရှိထားသူများ ဖြစ်ပါကြောင်း၊ ၎င်းတို့၏ ဆန္ဒအရ နှုတ်ထွက်ခြင်းကိုလွှတ်တော်၏ သဘောတူညီချက် ရယူသည့်လုပ်ငန်းစဉ် လို၊ မလိုကို စဉ်းစားကြည့်လျှင် သိနိုင်ပါကြောင်း။

 

ယင်းအပေါ်တွင် ပိုမိုရှင်းလင်းစေရန်ဆိုလျှင်အဖွဲ့ဝင်သုံးဦး နှုတ်ထွက်သော်လည်း လွှတ်တော်၏ အတည်ပြုဖွဲ့စည်းမှုအရေအတွက် ၄၅ ဦးမှာမပြောင်းလဲပါကြောင်း၊ နှုတ်ထွက်သွားသည့် ကိုယ်စားလှယ်များ၏ ကိုယ်စားပြုနေရာအတွက် ကော်မတီ သက်တမ်းကုန်သည်အထိ ထားရှိမည်ဖြစ်ပါကြောင်း၊ အချိန်မရွေးပြန်လည်ပါဝင်နိုင်ရန် တံခါးဖွင့်ထားမည် ဖြစ်ပါကြောင်း၊ ထိုသို့ ပြန်လည်ပါဝင်လိုပါကလွှတ်တော်၏ သဘောတူညီချက် ရယူဆောင်ရွက်ရန် မဖြစ်မနေလိုအပ်ပါကြောင်း၊ ထို့ကြောင့် လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ မူလဖွဲ့စည်း ပုံအင်အား ၄၅ ဦးဖြစ်ပြီးလက်ရှိအင်အားမှာ ၄၂ ဦးဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြင်ဆင် ရေးပူးပေါင်းကော်မတီနှင့် ပတ်သက်သည့် တင်ပြချက်အကြောင်းအရာနှစ်ခုအပေါ် အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး အသိပေးဆောင်ရွက်ခဲ့ခြင်းသည် လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို အသိပေးရှင်းလင်းပြောကြားလိုပါကြောင်း။

 

မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားများသာမက နိုင်ငံတကာကအလေးထားရသည့် ဥပဒေပြုလွှတ်တော်အဖြစ် ရပ်တည်နိုင်ရန်ဆိုလျှင် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်များအားလုံး၏ မှန်ကန်သည့် စဉ်းစား၊ သုံးသပ် ၊ လုပ်ဆောင်မှုများသည် အလွန်ပင်အရေးကြီးပါကြောင်းနှင့် လွှတ်တော်တစ်ရပ်လုံးအတွက် ကိုယ်စီတာဝန်ကျေ ပွန်မှုများကို ထုတ်ဖော်ပြသနိုင်ကြပါစေကြောင်းတိုက်တွန်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်ကိုယ်စား လှယ်များ၏ လွှတ်တော်လုပ်ငန်းဆိုင်ရာ ပြည်ပခရီးစဉ်များနှင့် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထား သောဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာနဝန်ကြီးအဖြစ် ဒေါက်တာစိုးဝင်းအားခန့်အပ် တာဝန်ပေးခြင်းကိုလွှတ် တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းကလွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော အခြေခံပညာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါကအမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ ၂၄ ရက်အထိဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက် ချက်အစီရင်ခံစာနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ က အမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ အဓိကလုပ်ငန်းတစ်ရပ်ဖြစ်သည့် လူ့အခွင့်အရေးအသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောပွဲကို မြို့နယ်ပေါင်း (၁၂)မြို့ နယ်နှင့် ရပ်ကွက်၊ကျေးရွာစုစုပေါင်း (၁၄)ခုတွင် ဟောပြောပို့ချခဲ့ပါကြောင်း၊ လူ့အခွင့် အရေးအသိပညာပေးသူများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ခရိုင် (၆)ခရိုင်ရှိ မြို့နယ် ကျေးရွာများတွင် (၁၄)ကြိမ် ကျင်းပခဲ့ပါကြောင်း။

 

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး/ဘုရင့်နောင်) အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများတွင် ဖွင့်လှစ်ထားသည့် သင်တန်းများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များ၊ ရဲအရာရှိသင်တန်းကျောင်းများတွင် အရှိန်အဟုန်မပျက် ပို့ချလျက်ရှိပြီးမီးသတ်စခန်းမှူး သင်တန်းများတွင်လည်း လူ့အခွင့် အရေးဆိုင်ရာသင်ခန်းစာများကို ပို့ချခဲ့ပါကြောင်း၊ ကော်မရှင်သက်တမ်း (၅)နှစ်တာ ကာလအတွင်း ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို တိုင်းရင်းသားဘာသာ (၂၁) မျိုးဖြင့် ဘာသာပြန်ဆိုဖြန့်ချိနိုင်ခဲ့ပါကြောင်း၊ တိုင်တန်းချက် (၂၀၈၈) စောင် လက်ခံရရှိ ခဲ့ပြီး ၂၀၁၈ ခုနှစ်ကလက်ကျန်တိုင်ကြားစာ (၂၈၈)စောင်၊ စုစုပေါင်း (၂၃၇၆)စောင်ကို အစည်းအဝေး (၁၀၇)ကြိမ် ပြုလုပ်၍ (၇၂၅)မှုကိုကိုင်တွယ်ဆောင်ရွက်ခဲ့ရာ သက်ဆိုင် ရာ ဝန်ကြီးဌာနများထံမှ ပြန်ကြားစာ (၃၉၂)စောင် လက်ခံရရှိခဲ့ပါကြောင်း၊ ထို့ပြင်ကော် မရှင်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အကျဉ်းထောင် (၁၈)ခု၊ အချုပ်ထောင် (၂) ခု၊ အကျဉ်းစခန်း (၂၂)ခု၊ ရဲစခန်းအချုပ်ခန်း (၂၀)ခု၊ တရားရုံးအချုပ်ခန်း (၁၂)ခု၊ အချုပ် ထောင် (၂) ခုနှင့် ဆေးရုံအချုပ်ခန်း (၂) ခုတို့တွင် ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း ရှင်းလင်း တင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသောသက်ကြီး ရွယ်အိုအဖွဲ့ အစည်းဆိုင်ရာ အာဆီယံဗဟိုဌာန ထူထောင်ရေးစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုပါစာချုပ်တွင် မြန်မာနိုင်ငံကပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ သည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ကအဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါကအမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော Convention on Limitation of Liability for Maritime Claims, 1976(LLMC 1976) နှင့် Protocol of 1996 to amend the Convention on Limitation of Liability for Maritime Claims, 1976 (LLMC PROT 1996) တို့တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုး နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက LLMC Convention 1976 နှင့် LLMC Protocol 1996 တို့တွင် အတည်ပြုပါဝင်ခြင်းကြောင့် ရေကြောင်းဘက်ဆိုင်ရာ ဆုံးရှုံးနစ်နာမှုများ အတွက် LLMC Convention နှင့် Protocol တို့ပါ ပြဌာန်းချက်များကို ပြည်တွင်း ဥပဒေတွင် ထည့်သွင်း ပြဌာန်းခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်တွင် ဖြစ်ပေါ်သည့်ကိစ္စရပ် များကို ကွန်ဗင်းရှင်းပါ ပြဌာန်းချက်များနှင့်အညီဖြေရှင်းနိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်းများ၊ နည်းဥပဒေ များနှင့် လုပ်ထုံးလုပ်နည်းများကို အဖွဲ့ဝင်နိုင်ငံများနည်းတူ တစ်ပြေးညီချမှတ်နိုင်ခြင်း၊ အခြားနိုင်ငံများနည်းတူ မြန်မာမှတ်ပုံတင် သင်္ဘောပိုင်ရှင်များအတွက် လျော်ကြေး ဆိုင်ရာအကာအကွယ်များရယူထားနိုင်ခြင်း၊ Convention နှင့် Protocol ဝင် နိုင်ငံ အချင်းချင်းလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ နိုင်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည့်အတွက်  မြန်မာနိုင်ငံက Accession နည်းလမ်း ဖြင့် အတည်ပြုပါဝင်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးအတည်ပြု ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ကအဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော International Convention for the Unification of Certain Rules of Law Relating to Bills of Lading (“Hague Rules”) Hague Visby Rules နှင့် SDR Protocol တို့တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ကယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်း နိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသောပညာရေးဝန်ကြီးဌာန က လူတိုင်းအကျုံးဝင် အရည်အသွေးမီပညာရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန်ဒေါ်လာသန်း (၁၀၀) ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များကဆွေးနွေးကြသည်။

 

ကရင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၇)မှ နော်ခရစ္စထွန်း(ခေါ်) ဒေါက်တာ အားကာမိုး က နိုင်ငံတစ်နိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးအကြီးဆုံးမှာပညာရေး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၇၅ ရာခိုင်နှုန်းရှိပါကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရန် ပံ့ပိုးမှု လိုအပ်ပါကြောင်း၊ ယခု အကောင်အထည်ဖော်မည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေး နှစ်အထိ မြို့နယ် (၁၂၅)မြို့နယ်တွင် အကျုံးလွှမ်းခြုံမည့် စီမံကိန်းကိုထောက်ခံပါ ကြောင်း၊ ချေးငွေပြန်ဆပ်မည့်ကာလနှင့် ချေးငွေခံနိုင်မှုများ နှင့် ပတ်သက်၍ လည်းကောင်းမွန်ပါကြောင်း၊ သို့သော်လည်းစီမံကိန်းဆောင်ရွက်မည့် မြို့နယ်များရွေး ချယ်မှုအပေါ်ပြန်လည်စိစစ်ရန် အကြံပြုလိုပါကြောင်း၊ ဖွံ့ဖြိုးမှုနည်းပါးသည့် တိုင်းရင်း သားဒေသများမှ မြို့နယ်များကိုပိုမိုအလေးထားရွေးချယ်စေလိုပါကြောင်း အကြံပြု ဆွေးနွေးသည်။

 

အလားတူပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၅) မှ ဒေါက်တာတင်တင်ဝင်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ မွန်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ် အောင်၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင် နှင့် စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်မျိုးတို့ကဆွေးနွေးကြသည်။

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို နိုဝင်ဘာ ၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

 

မျိုးသူဟိန်း၊ ဂျိုင်းလော