ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၆ နိုဝင်ဘာ

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူရမည့် စကားရပ်ပြောင်းလဲ သတ်မှတ်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ငွေကျပ် ၃၀၂၀ ဒသမ ၁၅၀ သန်းခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း နေပြည်တော် ကောင်စီနယ်မြေနှင့် ပြည်နယ်/တိုင်းဒေသကြီးများတွင်  မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် နိုင်ငံအဝှမ်း စိုက်ပျိုးထားသည့် သီးနှံများအနက် စုစုပေါင်း (၆၈၂၄၁၇) ဧက ပျက်စီးမှုနှင့် ကြုံတွေ့ခဲ့ရပါကြောင်း၊ ယင်းအနက် ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်အထိ သီးနှံပျက်စီးမှု ဧက (၃၈၀၀၈၀) ကို တောင်သူလယ်သမား အခွင့်အရေး၊ ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ ပုဒ်မ(၃) ပုဒ်မခွဲ(င)နှင့်အညီ ထောက်ပံ့ငွေကျပ် (၇၃၃၀ ဒသမ ၇၀၅) သန်းကို ထောက်ပံ့ပေးပြီး ဖြစ်ပါကြောင်း၊ ဒုတိယပိုင်းအနေဖြင့် ထောက်ပံ့ရန်ကျန်ရှိသည့် သီးနှံပျက်စီးမှု (၃၀၂၃၁၅) ဧကအတွက် စိစစ်တွက်ချက်မှု အရ ငွေကျပ် (၃၀၂၀ ဒသမ ၁၅၀) သန်း ထောက်ပံ့ပေးရန် ဖြစ်ပါကြောင်း။

ထို့ကြောင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၊ စီးပွားရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၉)နှင့် နိုင်ငံတော်သမ္မတရုံးတို့ကို တင်ပြခဲ့ပါကြောင်း၊ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့ရာတွင် သဘောတူခွင့်ပြုမှု ရရှိခဲ့ပါကြောင်း၊ အဆိုပါ ထောက်ပံ့ပေးရမည့် ငွေများကို အမှန်တကယ် သီးနှံထိခိုက်ပျက်စီးသူ တောင်သူလယ်သမားများထံသို့ စနစ်တကျထောက်ပံ့ပေးနိုင်ရန်အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၏ ဦးဆောင်ကြီးကြပ်မှုနှင့် ဖွဲ့စည်းပေးသည့် အဖွဲ့များဖြင့် စီမံခန့်ခွဲထောက်ပံ့ပေးပြီး ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ၂၀၁၈ ခုနှစ် မိုးရာသီကာလအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် သီးနှံများထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရာတွင် ဒုတိယပိုင်းအနေဖြင့် ထောက်ပံ့ပေးရန် ကျန်ရှိသည့် သီးနှံပျက်စီးမှု (၃၀၂၃၁၅)ဧက ပြန်လည်အစား ထိုးစိုက်ပျိုးနိုင်ရန်အတွက် ထောက်ပံ့ရမည့် ငွေကျပ် (၃၀၂၀ ဒသမ ၁၅၀) သန်းကို မသုံးစွဲလျှင်မဖြစ်သည့် အရေးပေါ်ကိစ္စဖြစ်သည့်အတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် အရေးပေါ်ရန်ပုံငွေမှ ကျခံသုံးစွဲထောက်ပံ့ပေးရန်ကိစ္စ တင်ပြခြင်းအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှတ်တမ်းတင်ပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၈ - ၂၀၁၉ခု၊ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကိစ္စရပ်များအပေါ် ကျခံသုံးစွဲခဲ့သည့် ငွေကျပ် (၃၀၂၀ ဒသမ ၁၅၀)သန်း ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ယင်းနောက် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။

 

1

 

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပညာရေးဝန်ကြီးဌာနက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းအစီအစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအဖွဲ့(IDA)ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးငွေရယူရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေးက လူတိုင်းအကျုံးဝင် အရည်အသွေးမီ ပညာရေးလုပ်ငန်းစဉ်နှင့်အညီ မသန်စွမ်းသောကလေးများ ကဏ္ဍကိုလည်း အထူးဦးစားပေးရမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းချမှတ်ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် ဆရာ၊ ဆရာမများ အရည်အသွေး မြင့်မားရန်၊ ကျောင်းသူကျောင်းသား အသိုက်အဝန်းအင်အားတစ်ခုဖြစ်သည့် ကျောင်းသားမိဘ ဆရာအသင်း၊ ကျောင်းအကျိုးတော်ဆောင်၊ လူမှုရေးအသင်းအဖွဲ့များ စသည့် အင်အားစုများ မိမိတို့ဆွဲဆောင်နိုင်မှု ရာခိုင်နှုန်းအလိုက် ပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။

ယနေ့ ၂၁ ရာစုတွင် တစ်သက်တာ သင်ယူရန်နှင့် ကျွမ်းကျင်မှုများ ရရှိရန်တို့အတွက် လေ့ကျင့်ကြရန် လိုအပ်ပါကြောင်း၊ ထို့ပြင် ကောင်းမွန်သော သဘောထားအမြင်ဖြင့် အပြန်အလှန် နားလည် လေးစားတန်ဖိုးထား ကူညီကြရန်နှင့် တာဝန်ယူမှု၊ တာဝန်ခံမှု အကောင်းဆုံးဆောင်ရွက်နိုင်မှသာ ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ရန် အခွင့်အလမ်းရရှိမည်ဖြစ်ပါကြောင်၊ ထို့ကြောင့် ဆန်းသစ်တီထွင် ဖန်တီးနိုင်သော စွမ်းအင်ရရှိရေးနှင့် တစ်သက်တာ သင်ယူလေ့ကျင့်ပေးပြီး ကျွမ်းကျင်အဆင့် ဖြစ်လာရေးတို့ကို ပြုစုပျိုးထောင်ပေးရန် လိုအပ်ပါကြောင်း အကြံပြု ဆွေးနွေးသည်။

ကန်ပက်လက် မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းက ချေးငွေကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် ၁၁၅ မြို့နယ်တွင် ပညာရေးမြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းဝင်မြို့နယ်များတွင်ရှိသည့် ကျောင်းပေါင်း  ၁၅၀၀၀ ခန့်နှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃ သန်းခန့် ပညာရေးမြှင့်တင်မှု အစီအစဉ်များ ရှိလာမည်ဟု သိရှိရပါကြောင်း၊ စီမံကိန်းဝင်မြို့နယ်များတွင် ကျောင်းသား၊ ကျောင်းသူ ပေါင်း ၇၇၀၀၀ ခန့် အရည်အသွေးရှိ ကျောင်းပြင်ပ ပညာရေးကို သင်ယူကြရမည် ဖြစ်ကြောင်းကိုလည်း သိရှိရပါကြောင်း။

ယခုအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ ချေးငွေဖြင့် ပညာရေးမြှင့်တင်မှု ဆောင်ရွက်ရာတွင် ကျောင်းတွင်း ပညာသင်ကြား သင်ယူရေးအားသာချက်၊ အားနည်းချက်များကို သေချာဆန်းစစ်ပြီး ကျောင်းတွင်းသင်ကြားမှု အရှိန်မြှင့်တင်ရေး အစီအစဉ်များနှင့် ကျောင်းသားမိဘများအား ကျောင်းတွင်း သင်ကြားသင်ယူမှုအပေါ် အားကိုးယုံကြည်မှုရရှိရေးအတွက် မြှင့်တင်ဆောင်ရွက်မည့် လုပ်ငန်းများ၊ အစီအမံများကိုလည်း ထည့်သွင်းသင့်သည်ကို အကြံပြုလိုပါကြောင်း ဆွေးနွေးသည်။

ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက ယခုစီမံကိန်းကို အသေးစိတ်မဆွေးနွေးလိုသော်လည်း ပညာရေးဆရာ၊ ဆရာမများကို မွေးထုတ်ပေးနေသည့် အရင်းအမြစ်ကို တိုးတက်အောင်နှင့် အဆင့်မီအောင် လုပ်ပေးသည်မှာလည်း သဘာ၀ကျပါကြောင်း၊ ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်စသည့်  မွေးထုတ်ပေးရာ နေရာဌာနများကို စွမ်းရည်မြှင့်တင်ပေးရန်လည်း မေ့မထားသင့်ပါကြောင်း၊ ပညာရေးဝန်ထမ်းများကို HR မြှင့်တင်ပေးရန်နှင့် လိုအပ်သည့် အခြေခံလိုအပ်ချက်များကို ပံ့ပိုးပေးရန်တို့ကိုလည်း အကြံပြုအပ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက စီမံခန့်ခွဲများကို လျော့ချပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို ပိုမိုလုပ်ကိုင်ခွင့်ပေးရန်လည်း အကြံပြုလိုပါကြောင်း၊ ထို့ကြောင့် ချေးငွေရယူရန်အတွက်ကိုလည်း ထောက်ခံပါကြောင်း ဆွေးနွေးသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်၊ မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးထိန်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ဒိုက်ဦးမဲ ဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခေါ်) ဒေါ်အုံးကြည်၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၊ မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦးနှင့် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေတို့က ဆက်လက်ဆွေးနွေးကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၁၈ - ၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေတွင် ပါဝင်သော တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေနှင့် ၎င်းအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉)တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

အိမ်မဲဆန္ဒနယ်မှ ဒေါ်သန္တာက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အတိုင်း လိုက်နာပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်က ကျန်ရစ်ခဲ့သည့် ကျောင်းဆောင်တည်ဆောက်ရေး လုပ်ငန်းများကို မည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ပုံစံမျိုးဖြင့် ပြန်လည်ခွင့်ပြုမည်ဆိုသည်ကို ရှင်းလင်းစွာ သိလိုပါကြောင်း၊ လုပ်ငန်းတည် ဆောက်မှုမပြီးခဲ့သည့် ကျောင်းများကြောင့် ဒေသခံပြည်သူများအတွက် များစွာနစ်နာပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တင်ဒါလုပ်ထုံးလုပ်နည်းများ အချိန်မီ ပြီးစီးအောင် ဆောင်ရွက်သင့်သကဲ့သို့ ကုမ္ပဏီများကို စည်းနှောင်ရန်အတွက် တင်ဒါစာချုပ်များ ထည့်သွင်းချုပ်ဆိုသင့်ပြီး ပွင့်လင်းမြင်သာစွာ ချပြသင့်ပါကြောင်း ဆွေးနွေး သည်။

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေနှင့် အစီရင်ခံစာအမှတ်စဉ် (၁၅/၂၀၁၉)တို့နှင့် စပ်လျဉ်း၍ အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်းနှင့် မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုတို့က ဆက်လက်ဆွေးနွေးကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို နိုဝင်ဘာ ၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်