ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော် ၅  နိုဝင်ဘာ

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက  ဒေါက်တာအေးကြူသည် လပွတ္တာမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးဖြစ်ကာ ပြည်သူလွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး  ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကွယ်လွန်အနိစ္စ ရောက်သွားပြီဖြစ်သည့်အတွက် ဒေါက်တာအေးကြူအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းသည်။

ယင်းနောက် ဒေါက်တာအေးကြူ ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ်  တစ်မိနစ် မတ်တပ်ရပ် ငြိမ်သက်ကြသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဒေါက်တာအေးကြူ ကွယ်လွန်ခဲ့သည့်အတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ရက်စာ နေ့တွက်စရိတ်ဖြစ်သော ငွေကျပ် ၈၆ သိန်း ၄ သောင်းကို ကျန်ရစ်သူ မိသားစုထံ ပေးပို့သွား မည်ဖြစ်ပါကြောင်း၊ ဒေါက်တာအေးကြူ ကွယ်လွန်အနိစ္စရောက်ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

ထို့နောက် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များက ထုတ်ပြန်ထားသော ဒေသန္တရ စည်းကမ်းချက်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် တည်ဆဲဥပဒေများနှင့် သဘောထားကွဲလွဲဆန့်ကျင်မှုများကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေအခန်း(၅)ပါ စညး်ကမ်းချက်များမှာ ပုဒ်မ ၈ မှ ပုဒ်မ ၁၂ အထိ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဋ)တွင် ဤဥပဒေပါ စည်းကမ်းချက်များနှင့် တာဝန်ရှိပုဂ္ဂိုလ် (သို့မဟုတ်)အဖွဲ့အစည်းများက ဒေသဆိုင်ရာ လိုအပ်ချက်အရ ကြိုတင်သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းသဘောတူညီချက်များကို   ဖောက်ဖျက်ခြင်း မပြုရဟူ၍ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအား ၂၀၁၆ ခုနှစ် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၃၈ တွင် ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေအရ ထုတ်ပြန်သော ဒေသန္တရအမိန့်များသည် ငြိမ်းစုစီပြုလုပ်လိုသူများအား အနှောင့်အယှက်နှင့် ဟန့်တားမှု၊ စိတ်ကိုငြိုငြင်မှုများ ပေါ်ပေါက်သည်ဟု ထင်မြင်သည့်အတွက် တည်ဆဲဥပဒေနှင့် မညီညွတ်ဟု ယူဆပါက ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၆) တရားစီရင်ရေး ပုဒ်မ ၂၉၆ ပုဒ်မခွဲ (က)(ခ) တို့အရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်တော် ထုတ်ဆင့် ပယ်ဖျက်ပေးနိုင်ပါရန် လျှောက်ထားခွင့်ရှိပါကြောင်း၊ ယခုအချိန်အထိ စာချွန်တော်ထုတ်ဆင့်ပေးရန် လျှောက်ထားဆောင်ရွက် ခြင်း မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားသည်။

ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်း၏ သိမ်းဆည်းခံထားရသည့် မြေယာများအပေါ် ပုံစံမမှန်ချထားပေးသော ဂရန်မြေများကို ပြန်လည်စိစစ်၍ မမှန်မကန် ချထားပေးပါက ဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူများထံသို့ ပြန်လည်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်က လက်ရှိ အခြေအနေတွင် မန္တလေးခရိုင်တရားရုံး တရားမကြီးမှုအမှတ် ၄၀၉/၂၀၁၄တွင် ပြီးပြတ်ခြင်း မရှိသေးဘဲ တရားရုံးအဆင့်ဆင့် အမှုရင်ဆိုင်နေဆဲ ဖြစ်ပါသဖြင့် ဂရန်များကို ပြန်လည်ရုပ်သိမ်းပြီး မူလတောင်သူထံသို့ ပြန်လည်ချထားပေးရန်မှာ တရားရုံး အမိန့်အတိုင်း ဆက်လက်ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များကို သင်ယူနိုင်ရန် ကျောက်တာ ကျေးရွာအနီးတွင် အဆင်သင့်ရှိနေသော မြေဧရိယာ (၁၄)ဧကကျော်ခန့် ပေါ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း တစ်ကျောင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လွှတ်တော်ကိုယ်စားလှယ် အဆိုပြုထားသည့် စစ်ကိုင်းမြို့ မြောက်ဘက်ကပ်လျက် ကျောက်တာကျေးရွာအနီး မြေဧရိယာ (၁၄)ဧကခန့်သည် အစိုးရ စက်မှုလက်မှုသိပ္ပံ(စစ်ကိုင်း) ဖွင့်လှစ်နိုင်ရေးအတွက် သင့်တော်ကောင်းမွန်သော မြေနေရာဖြစ်ပြီး အတည်ပြု သတ်မှတ်မြေနေရာ ရရှိမည်ဆိုပါက ပညာရေး ဝန်ကြီးဌာနအနေဖြင့် နည်းပညာနှင့် သက်မွေး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအတွက် လိုအပ်နေသည့် အသက်မွေးဝမ်း ကြောင်း သင်တန်းများကို လူငယ်၊ လူရွယ်များ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများ ရရှိနိုင်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ရန်ပုံငွေထည့် သွင်းလျာထား နိုင်ရေးအတွက် စိစစ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသည် ဟောင်းနွမ်းပြီး အန္တရာယ်ရှိ ရုံးအဆောက်အဦအဖြစ် တည်ရှိနေသောကြောင့် အဆောက်အဦအသစ် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံးမြေနေရာတွင် မြေစာရင်းပုံစံ (၁၀၅/၁၀၆) ရရှိပြီးမှသာ လုပ်ထုံးလုပ်နည်း နှင့်အညီ ငွေလုံးငွေရင်း တည်ဆောက်ရေးအတွက် စီမံကိန်းတွင် အဆိုပြု တင်ပြနိုင်မည်ဖြစ်ပါကြောင်း၊ ထိုမြေစာရင်း ပုံစံရရှိပြီးမှသာ အန္တရာယ်ရှိ အဆောင်အားဖျက်သိမ်း၍ ပေ (၉၀×၃၀) မြေနေရာနှင့် လိုက်လျောညီထွေဖြစ်သည့် RCC (၃)ထပ် ဆောင် တစ်ဆောင်ကို သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ ငွေလုံးငွေရင်း(တည်ဆောက်ရေး)စာရင်းတွင် မြို့နယ် ဦးစားပေး အစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၏ ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနအနေဖြင့် ကျောင်းဆောင်သစ် လိုအပ်ချက်များ ဖြည့်ဆည်းရာတွင် အမှန်တကယ် လိုအပ်သော ကျောင်းများကို ဦးစားပေး ဖြည့်ဆည်းပေးနိုင်ရေးအတွက် မူဝါဒ ပြုပြင်ပြောင်းလဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က ထီးလင်းမြို့နယ်တွင် အဆောက်အဦလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ မြို့နယ်အလိုက် ဦးစားပေးအစီအစဉ်အရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေဖြင့် လုပ်ငန်း (၁၇) ခု၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း (၅)ခု၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း (၁၁) ခု လျာထား ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ရေးလုပ်ငန်း (၂) ခု ဖြစ်သော မူလွန် ရေပုတ်၌ ပေ ၆၀ ရှိ Steel Structure (၁) ထပ် အသစ် ဆောက်လုပ်ရန် ငွေကျပ် ၃၇ ဒသမ ၂၆ သန်း၊ အထက(ထီးလင်း)ရှိ အန္တရာယ် ကျောင်းဆောင်အား ဖျက်သိမ်းပြီး ပေ(၁၀ဝ×၃၀) Steel Structure (၂)ထပ် အသစ်ဆောက်လုပ်ရန် ငွေကျပ် ၁၂၄ ဒသမ ၂ သန်း ထည့်သွင်းလျာထား ဆောင်ရွက်ခဲ့ပါကြောင်း ရှင်းလင်းဖြေကြားသည်။

တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ တောင်တွင်းကြီးမြို့ပေါ်ရှိ ရွှေအိုး(၂)ရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း သည် ကျောင်းဝိုင်းမြေ ကျဉ်းမြောင်းခြင်းနှင့် အဆောက်အဦများ သက်တမ်းရင့် အိုမင်းနေခြင်းတို့ကြောင့် လေးထပ်ကျောင်း ဆောင်တစ်ခု ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက တောင်တွင်းကြီးမြို့ ရွှေအိုး (၂)ရပ်ကွက် အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် လေးထပ်ကျောင်းဆောင် ဆောက်လုပ် ပေးနိုင်ရန်အတွက် အဆိုပါ ရပ်ကွက်အတွင်းတည်ရှိသည့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (တောင်တွင်းကြီး)၏ ကျောင်းသား ဝင်ဆံ့အင်အား၊ အဆောက်အဦ အခြေအနေ၊ ပရိဘောဂ ပြည့်စုံမှုတို့ကို ထည့်သွင်းစဉ်းစား၍ လည်းကောင်း၊ ကျောင်းမြေနေရာ အနေအထားအရ လည်းကောင်း၊  စာသင်ခန်းနှင့် ကျောင်းသားဦးရေအရ လည်းကောင်း၊ ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဦးစားပေး အစီအစဉ်အရ လည်းကောင်း လာမည့်ဘဏ္ဍာရေးနှစ်တွင် လေးထပ်ကျောင်းဆောင် ထည့်သွင်းလျာထား နိုင်ရေး စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ မြန်မာနိုင်ငံတစ်ဝန်းရှိ အစိုးရအခြေခံ ပညာကျောင်းများတွင် တိုင်းရင်းသား လူမျိုးများအလိုက် တိုင်းရင်းသား ဘာသာစာပေ ကျောင်းသုံးသင်ရိုးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ထုတ်ဝေပေးရန်နှင့် သင်ထောက်ကူ ပစ္စည်းများ လိုအပ်လာပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားဘာသာသင်ရိုးနှင့် ပတ်သက်၍ သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးနိုင် ခြင်းမရှိ သေးပါကြောင်း၊၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လိုအပ်သော တိုင်းရင်းသားဘာသာ သင်ရိုး ကျောင်းသုံးပုံနှိပ်စာအုပ် လိုအပ်ချက်များကို တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနတို့က ပေါင်းစပ်ညှိနှိုင်းလာပါက အခြေခံပညာ ဦးစီးဌာနအနေဖြင့် အဆင့်ဆင့် စိစစ်ဆောင်ရွက်ပြီး ပညာရေး ဝန်ကြီးဌာန က ပုံနှိပ်၍ အခမဲ့ဖြန့်ဝေဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသား မှတ်တမ်းနှင့် မော်ကွန်းဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယနေ့ကို နိုဝင်ဘာ ၇ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)