ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်အထူးအစည်းအဝေး   ဒုတိယနေ့တွင် ချင်းပြည်နယ်၏ နောက်ထပ် ဘဏ္ဍာငွေ သုံးစွဲရေး ဉပဒေကြမ်းကို အတည်ပြု

ဟားခါး  ၁၉    ဇွန်

 

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၂၀)ဒုတိယနေ့ကို ဇွန် ၁၉ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ယနေ့ အစည်းအဝေးတွင် အစည်းအဝေးပထမနေ့က ချင်းပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းသည့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် ချင်းပြည်နယ်၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဉပဒေကြမ်းကို လွှတ်တော်က အတည်ပြုခြင်း ဆောင်ရွက်သည်။

 

mdn

 

ထို့နောက် အစည်းအဝေးပထမနေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်းက တင်သွင်းသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဌာနဆိုင်ရာများနှင့် ကုမ္ပဏီများအကြား ချုပ်ဆိုထားသော စာချုပ်ပါ အဓိကအချက်အလက်များအား လုပ်ငန်းဆောင်ရွက်ရာတွင် ပြီးပြည့်စုံစွာ အောင်မြင်စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကြီးကြပ်မှုတာဝန်ယူရသော လွှတ်တော် ကိုယ်စားလှယ်များ ၊ သက်ဆိုင်ရာဌာနများနှင့် ခရိုင် ၊ မြို့နယ် ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အသိပေးရေး ချင်းပြည်နယ် အစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးကြရာ ဆွေးနွေးချက်အပေါ် ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် နှင့် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးတို့က ပြန်လည် ဆွေးနွေးကြပြီး ပြည်နယ်လွှတ်တော် ဉက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏ သဘောထား ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာကာ အစည်းအဝေးကို နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ကျင်းပပြီးစီးခဲ့သည်။

 

ယနေ့ ကျင်းပသည့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဉီးဆလိုင်းလျန်လွယ် ၊ ပြည်နယ်လွှတ်တော်ဉက္ကဌ ဉီးဇိုဘွဲ ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းဝင်များနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂၃ ဉီး တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)