မောင်မျိုးခိုင်(ကွန်ပျူတာတက္ကသိုလ်)
ယနေ့ ၂၁ ရာစု ကမ္ဘာ့နိုင်ငံများအနေဖြင့် ပြောင်းလဲလာသော နည်းပညာခေတ်နှင့်အညီ ရင်ပေါင်တန်းလိုက်ပါနိုင်ရန်အတွက် ‘ဒီဂျစ်တယ် အသွင်ကူးပြောင်းမှု’ (Digital Transformation) ကို မဖြစ်မနေဆောင်ရွက်လျက်ရှိကြပါသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုသည်မှာ ကွန်ပျူတာ၊ အင်တာနက်နှင့် ခေတ်မီ ICT နည်းပညာရပ်များကို အသုံးပြု၍ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးနှင့် စီမံခန့်ခွဲမှုကဏ္ဍစုံကို ပိုမိုမြန်ဆန်ချောမွေ့အောင် အခြေခံမှစ၍ ပြောင်းလဲပစ် ခြင်းပင်ဖြစ်ပါသည်။
အဆိုပါလုပ်ငန်းစဉ်သည် နိုင်ငံတစ်နိုင်ငံအား ခုန်ပျံကျော်လွှား (Leapfrog) လျင်မြန်စွာတိုးတက်သွားစေနိုင်သလို စနစ်တကျကြိုတင် ပြင်ဆင်မှုမရှိပါကလည်း အခက်အခဲများ ဖြစ်ပေါ်လာနိုင်ပါသည်။ ဤဆောင်းပါးတွင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် e-Estonia ဟုပင် စံပြုတင်စားခံရသည့် ဥရောပတိုက်ရှိ အက်စတိုးနီးယားနိုင်ငံနှင့် လက်ရှိအချိန်တွင် ကြိုးပမ်းကူးပြောင်းနေဆဲနိုင်ငံများ၏ အတွေ့အကြုံများ၊ ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ထားသည့် အစီရင်ခံစာများကို အခြေခံ၍ ဒီဂျစ်တယ်အသွင်ကူးပြောင်း မှုကြောင့် ရရှိလာမည့်အခွင့်အလမ်းများ၊ ရင်ဆိုင်ကျော်လွှားရမည့် အခက်အခဲများနှင့် မဟာဗျူဟာမြောက်ဖြေရှင်းနည်းများကို ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကြောင့် ရရှိလာမည့် အခွင့်အလမ်းများ
ကမ္ဘာ့နိုင်ငံများတွင် ဒီဂျစ်တယ်နည်းပညာကို ကဏ္ဍစုံ၌ စနစ်တကျ ပေါင်းစပ်အသုံးချနိုင်ပါက အောက်ပါအခွင့်အလမ်းများကို ရရှိခံစားရကြောင်း လေ့လာတွေ့ရှိရပါသည်။
(က) စီးပွားရေးဖွံ့ဖြိုးတိုးတက်ခြင်း ။ ဒီဂျစ်တယ်နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းသစ်များ ပေါ်ထွက်လာခြင်းကြောင့် နိုင်ငံ၏ အမျိုးသား ကုန်ထုတ်လုပ်မှု (GDP) ကို သိသာစွာမြှင့်တင်ပေးနိုင်ပြီး တိုင်းပြည်စီးပွားရေးကို အရှိန်အဟုန်ဖြင့် တိုးတက်ခိုင်မာစေနိုင်မည် ဖြစ်ပါသည်။
(ခ) ကုန်ထုတ်စွမ်းအားတိုးတက်ခြင်း ။ လုပ်ငန်းခွင်အသီးသီးတွင် အလိုအလျောက်စနစ်များနှင့် အဆင့်မြင့်ဆော့ဖ်ဝဲလ်များကို ပေါင်းစပ်အသုံးပြုခြင်းကြောင့် ကုန်ထုတ်စွမ်းအားကို အရည်အသွေး မြင့်မားလာစေပြီး အချိန်နှင့်လုပ်အားကုန်ကျမှုများကို ထိရောက်စွာ လျှော့ချပေးနိုင်မည် ဖြစ်ပါသည်။
(ဂ) အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ခြင်း။ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် အီးကောမတ်စ် (E-commerce) စနစ်ကို အသုံးချကာ ဒေသတွင်းဈေးကွက်မှသည် နိုင်ငံတကာဈေးကွက်အထိ ချိတ်ဆက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။
(ဃ) ဘဏ္ဍာရေးဝန်ဆောင်မှုများအား လူတိုင်းလက်လှမ်းမီခြင်း။ မိုဘိုင်းဘဏ်စနစ် ကျယ်ပြန့်လာခြင်းကြောင့် ယခင်က ပုံမှန်ဘဏ် အကောင့်မရှိသည့် ကျေးလက်နှင့် အခြေခံလူထုပါ ဘဏ္ဍာရေး ဝန်ဆောင်မှုများကို အလွယ်တကူ လက်လှမ်းမီလာစေပြီး ငွေကြေး စီးဆင်းမှုစနစ်အတွင်းသို့ ဝင်ရောက်လာစေမည် ဖြစ်ပါသည်။
(င) အလုပ်အကိုင်အခွင့်အလမ်းသစ်များ ပေါ်ထွက်ခြင်း။ လူ့စွမ်း အားအရင်းအမြစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာပြီး အချက်အလက်ဆန်းစစ်သူများနှင့် ဆော့ဖ်ဝဲလ်ရေးဆွဲသူများကဲ့သို့သော နည်းပညာအခြေပြု အလုပ်အကိုင်အခွင့်အလမ်းသစ်များစွာ ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။
(စ) ဝေးလံဒေသများ ပညာရေးအခွင့်အလမ်းရရှိနိုင်ခြင်း။ ပညာရေးကဏ္ဍတွင် အင်တာနက်အသုံးပြု၍ ဝေးလံခေါင်ဖျားဒေသရှိ ကျောင်းသားလူငယ်များပါမကျန် တန်းတူညီမျှစွာဖြင့် ပညာရပ်များကို အချိန်မရွေး၊ နေရာဒေသမရွေး သင်ယူလေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။
(ဆ) အဝေးရောက် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ခြင်း။ ကျန်းမာရေးကဏ္ဍတွင် အဝေးရောက်ဆေးကုသမှုစနစ်(Tele- medicine) ကို အသုံးချကာ အဆင့်မြင့်အထူးကုဆရာဝန်ကြီးများနှင့် တိုက်ရိုက်ချိတ်ဆက်၍ ဒေသမရွေး အရည်အသွေးမြင့် ကျန်းမာ ရေးစောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ရယူနိုင်စေမည် ဖြစ်ပါသည်။
(ဇ) အချက်အလက်အခြေပြု မူဝါဒများ ချမှတ်နိုင်ခြင်း။ အချက်အလက်များကို အလွယ်တကူ စနစ်တကျ ခွဲခြမ်းစိတ်ဖြာဆန်းစစ်နိုင်ခြင်းကြောင့် နိုင်ငံတော်အဆင့်နှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ခိုင်မာသည့်အချက်အလက်အခြေပြု မူဝါဒများကို ချမှတ်နိုင်မည် ဖြစ်ပါသည်။
(ဈ) အဂတိလိုက်စားမှုမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ခြင်း။ ပြည်သူ့ဝန်ဆောင်မှုများကို အွန်လိုင်းစနစ် (E-Governance) သို့ ပြောင်းလဲခြင်းဖြင့် လူချင်းတိုက်ရိုက်ထိတွေ့မှုကို လျှော့ချနိုင်ပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အဂတိလိုက်စားမှု ဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်ပြီး ဖြစ်ပါသည်။
(ည) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့စေခြင်း။ ဒီဂျစ်တယ်စနစ်ကြောင့် ရှုပ်ထွေးသော ရုံးလုပ်ငန်းအဆင့်ဆင့်ကို လျှော့ချနိုင်ပြီး ပြည်သူလူထုလိုအပ်သည့် ဝန်ဆောင်မှုလုပ်ငန်းစဉ်များကို အချိန်ကြန့်ကြာမှုမရှိဘဲ နေရာမရွေး၊ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုဆောင်ရွက်ရာတွင်
ကြုံတွေ့ရနိုင်သည့် အခက်အခဲများ
တစ်ဖက်တွင်လည်း ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဆောင်ရွက်ကြရာ၌ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအဖို့ အောက်ပါအခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့ရလေ့ရှိသည်ကို လေ့လာတွေ့ရှိရပါသည် -
(က) အခြေခံအဆောက်အအုံပိုင်း အားနည်းချက်။ ဖွံ့ဖြိုးဆဲ နိုင်ငံများအဖို့ နိုင်ငံ၏နေရာ ဒေသအနှံ့ ကျေးလက်ဒေသများအထိ တည်ငြိမ်သော လျှပ်စစ်မီးနှင့် မြန်နှုန်းမြင့် အင်တာနက်လိုင်းများ လုံလောက်စွာ မလွှမ်းခြုံနိုင်သေးခြင်းက ဒီဂျစ်တယ်ခရီးစဉ်အတွက် အခြေခံအကျဆုံး အတားအဆီး ဖြစ်လာနိုင်ပါသည်။
(ခ) ရင်းနှီးမြှုပ်နှံမှု မလုံလောက်ခြင်း ။ ခေတ်မီနည်းပညာပိုင်းဆိုင်ရာ ဝယ်ယူမှုများနှင့် အဆင့်မြှင့်တင်မှုများ လုပ်ဆောင်ရန်အတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများ လုံလောက်စွာ မရရှိခြင်းက အခက်အခဲတစ်ရပ် ဖြစ်လာနိုင်ပါသည်။
(ဂ) ဒီဂျစ်တယ် နားလည်တတ်မြောက်မှု အားနည်းခြင်း။ အများပြည်သူနှင့် လုပ်ငန်းရှင်အများစုတွင် နည်းပညာကို စနစ်တကျ ကိုင်တွယ်အသုံးချနိုင်သည့် “ ဒီဂျစ်တယ် နားလည်တတ်မြောက်မှု” အားနည်းနေခြင်းကြောင့် နည်းပညာအသွင်ကူးပြောင်းမှု ဆောင်ရွက် ရာတွင် နှောင့်နှေးမှုများ ကြုံတွေရနိုင်ပါသည်။
(ဃ) အဆင့်မြင့်နည်းပညာကျွမ်းကျင်ပညာရှင် ရှားပါးခြင်း။ ဆိုက်ဘာလုံခြုံရေးနှင့် ဒေတာသိပ္ပံကဲ့သို့သော အဆင့်မြင့်နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ရှားပါးပါက ဒီဂျစ်တယ် အသုံးချစနစ်များကို ရေရှည်ထိန်းသိမ်းရန် ခက်ခဲနိုင်ပါသည်။
(င) ဆိုက်ဘာလုံခြုံရေး ခြိမ်းခြောက်မှုများ မြင့်တက်ခြင်း။ ဒီဂျစ်တယ် နည်းပညာအသုံးပြုမှု များပြားလာသည်နှင့်အမျှ ဒေတာအချက်အလက်ခိုးယူခံရခြင်းနှင့် ဆိုက်ဘာလိမ်လည်မှုများကဲ့သို့သော ခြိမ်းခြောက်မှုများမှာ စိုးရိမ်စရာကောင်းလောက်အောင် မြင့်တက် လာနိုင်ပါသည်။
(စ) ဥပဒေနှင့် မူဝါဒများ အဆင်သင့်မဖြစ်ခြင်း။ ဆိုက်ဘာရာဇဝတ် မှုများကို ကာကွယ်တားဆီးရန်နှင့် အများပြည်သူတို့၏ အချက် အလက်များကို အကာအကွယ်ပေးရန် ခိုင်မာသောဥပဒေနှင့် မူဝါဒလမ်းညွှန်ချက်များ အဆင်သင့်မဖြစ်ပါက ဒီဂျစ်တယ်အသွင် ကူးပြောင်းရေးအတွက် ကြီးမားသော ဟာကွက်တစ်ခု ဖြစ်လာနိုင်ပါသည်။
(ဆ) ပြောင်းလဲမှုကို လက်မခံလိုသော ရှေးရိုးစွဲစိတ်ဓာတ်များ။ လုပ်ငန်းခွင်အချို့ရှိ ဝန်ထမ်းများနှင့် ပြည်သူအချို့သည် စနစ်ဟောင်းမှ ဒီဂျစ်တယ်စနစ်သစ်သို့ ပြောင်းလဲမှုကို လက်ခံရန် ဝန်လေးနေကြ လေ့ရှိခြင်းသည်လည်း အခက်အခဲတစ်ခု ဖြစ်ပါသည်။
(ဇ) ဒီဂျစ်တယ်ကွာဟချက် တည်ရှိနေခြင်း။ ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲအကြား၊ မြို့ပြနှင့် ကျေးလက်ဒေသအကြား၊ ဒီဂျစ်တယ်တတ်မြောက်သူနှင့် မတတ်မြောက်သူအကြား “ဒီဂျစ်တယ်ကွာဟချက်” တည်ရှိနေခြင်းမှာလည်း အခက်အခဲတစ်ခု ဖြစ်ပါသည်။
(ဈ) သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ လွယ်ကူစွာ ပျံ့နှံ့နိုင်ခြင်း။ အွန်လိုင်းလူမှုကွန်ရက်များပေါ်တွင် သတင်းတု၊ သတင်းမှားများနှင့် အမုန်းစကားများ လွယ်ကူစွာပျံ့နှံ့နိုင်သည့် ဘေးထွက်ဆိုးကျိုးသည်လည်း အခက်အခဲတစ်ခုဖြစ်ပါသည်။
(ည) နည်းပညာပြောင်းလဲမှု မြန်ဆန်၍ စနစ်ဟောင်းများ ကျန်ရစ်ခြင်း။ ဒီဂျစ်တယ်နည်းပညာ၏ တိုးတက်ပြောင်းလဲမှုနှုန်းသည် အလွန်မြန်ဆန်သဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စနစ်သစ်တစ်ခုကို အကောင်အထည်ဖော်နေစဉ်မှာပင် ၎င်းစနစ်မှာ ခေတ်နောက်ကျသွားတတ်ပြီး အိုင်တီအခြေခံစနစ်ဟောင်းများကို အချိန်မီအဆင့်မြှင့်တင်ရန် ခက်ခဲခြင်းဖြစ်ပါသည်။
ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ရမည့်
အခက်အခဲများအတွက် မဟာဗျူဟာမြောက် ဖြေရှင်းနည်းများ
အထက်ပါအခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး အောင်မြင်သော ဒီဂျစ်တယ်လမ်း ကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်ရန်အတွက် ရေရှည်တည်တံ့သော အောက်ပါမဟာဗျူဟာများကို ကျင့်သုံးဖြေရှင်း နိုင်ကြောင်း လေ့လာတွေ့ရှိရပါသည် -
(က) ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်း။ အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် နိုင်ငံတော်အနေဖြင့် တစ်ဦးတည်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍနှင့် လက်တွဲကာ ကုန်ကျမည့်ရင်းနှီးမြှုပ်နှံမှုစရိတ်များကို အချိုးကျ ပူးပေါင်းရင်းနှီးမြှုပ်နှံခြင်း ဖြစ်ပါသည်။
(ခ) အင်တာနက်ဝန်ဆောင်ခ ဈေးနှုန်းချိုသာစေခြင်း။ မြို့ပြနှင့် ကျေးလက်ဒေသများအထိပါ မြန်နှုန်းမြင့် အင်တာနက်လိုင်းများကို ပြည်သူလူထု လက်လှမ်းမီနိုင်သော ဈေးနှုန်းဖြင့် ကျယ်ပြန့်စွာ သုံးစွဲနိုင်အောင် ဖြန့်ကြက်ပေးခြင်းဖြစ်ပါသည်။
(ဂ) ကျောင်းသင်ရိုးတွင် ဒီဂျစ်တယ်နည်းပညာ ထည့်သွင်းခြင်း။ ဒီဂျစ်တယ်တတ်မြောက်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် အခြေခံပညာရေး၏ ကျောင်းသင်ရိုးညွှန်းတမ်း များတွင် ICT နှင့် ကွန်ပျူတာဘာသာရပ်များကို မသင်မနေရ ဘာသာရပ်များအဖြစ် စနစ်တကျ ထည့်သွင်းသင်ကြားပေးစေခြင်း ဖြစ်ပါသည်။
(ဃ) ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို အဆက်မပြတ်မြှင့်တင်ခြင်း။ လက်ရှိလုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြရသည့် ဝန်ထမ်းများ၏ အရည်အသွေးများ ခေတ်နောက်မကျစေရန် နည်းပညာသစ်များ အသုံးချမှုဆိုင်ရာ ပြန်လည်မွမ်းမံလေ့ကျင့်ပေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်း ဖြစ်ပါသည်။
(င) ဆိုက်ဘာနှင့် ဒေတာကာကွယ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း။ ပြည်သူတို့၏ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေများနှင့် ဆိုက်ဘာလုံခြုံရေးဥပဒေများကို ရေးဆွဲပြဋ္ဌာန်း၍ ပြောင်းလဲလာမည့် ဒီဂျစ်တယ်ယဉ်ကျေးမှုအပေါ် ဥပဒေပိုင်းမှ အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
(စ) နိုင်ငံတော်ကိုယ်တိုင် ရှေ့ဆောင်လမ်းပြပြုလုပ်ခြင်း။ နိုင်ငံတော် ကိုယ်တိုင်က ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဒီဂျစ်တယ်စနစ်သို့စံပြအဖြစ် ဦးစွာပြောင်းလဲကာ ပြောင်းလဲရန် ဝန်လေးနေသည့် လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် ရှေ့ဆောင်လမ်းပြ နမူနာပြသခြင်း ဖြစ်ပါသည်။
(ဆ) နည်းပညာလုပ်ငန်းသစ်များကို အားပေးမြှင့်တင်ခြင်း။ နိုင်ငံအတွင်းတွင် ခေတ်မီတီထွင်ဆန်းသစ်မှုများ တိုးတက်ပေါ်ထွက်လာစေရန်အတွက် စတင်တည်ထောင်စ နည်းပညာလုပ်ငန်းသစ်များကို မြေတောင်မြှောက်ပေးခြင်း ဖြစ်ပါသည်။
(ဇ) လုပ်ငန်းခွင်ဆိုင်ရာ ဆိုက်ဘာလုံခြုံရေးစနစ်များ တည်ဆောက် မြှင့်တင်ခြင်း။ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းအသီးသီးတွင် ခေတ်မီဆိုက်ဘာလုံခြုံရေး ကာကွယ်ရေးစနစ်များကို စနစ်တကျ တည်ဆောက်ပြီး၊ မိမိတို့၏ အဓိကကျသော သုံးစွဲသူဒေတာ စင်တာများနှင့် ကွန်ပျူတာဆာဗာများကို လုံခြုံစိတ်ချရအောင် စောင့်ကြည့်ကာကွယ်ခြင်း ဖြစ်ပါသည်။
(ဈ) ပြည်သူလူထုအား အွန်လိုင်းလိမ်လည်မှု သတိပြုစေခြင်း။ ပြည်သူလူထုအတွင်း အွန်လိုင်းပေါ်မှ ငွေကြေးလိမ်လည်မှုများနှင့် ဒေတာအချက်အလက် အလွဲသုံးစားလုပ်မှုများဘေးမှ ကြိုတင် ကာကွယ်သတိပြုနိုင်ရန်အတွက် လူထုအသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။
(ည) ခေတ်နှင့်အညီ လွယ်ကူစွာ အဆင့်မြှင့်တင်နိုင်မည့် စနစ်များ ပြင်ဆင်ခြင်း။ နည်းပညာအပြောင်းအလဲ မြန်ဆန်မှုကို ရင်ဆိုင်နိုင်ရန်အတွက် စနစ်များကို ခေတ်ရေစီးကြောင်းအလိုက် အလွယ်တကူ ထပ်မံဖြည့်စွက် အဆင့်မြှင့်တင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း ဖြစ်ပါသည်။
ခြုံငုံသုံးသပ်ရလျှင် ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ လူမှုစီးပွားဘဝ ဘက်စုံတိုးတက်ရေးကို အရှိန် အဟုန်ဖြင့် မောင်းနှင်ပေးနိုင်သည့် “စွမ်းအား” တစ်ခုပင် ဖြစ်ပါသည်။ လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲနှင့်စိန်ခေါ်မှုများ ရှိနေမည်ဖြစ်သော်လည်း ယူဆောင်လာမည့် အခွင့်အလမ်းများမှာ နိုင်ငံ တစ်နိုင်ငံအား ခုန်ပျံကျော်လွှား တိုးတက်သွားစေနိုင်လောက်အောင် အလွန်ပင်ကြီးမားလှပါသည်။ သို့ဖြစ်ရာ ဒီဂျစ်တယ်အသွင်ကူးပြောင်း မှုကို ထိရောက်အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် လူတိုင်းပါဝင် နိုင်သည့် အနာဂတ်အခွင့်အလမ်းသစ်များနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို လမ်းခင်းပေးနိုင်မည် ဖြစ်ပါတော့သည်။ ။
ကိုးကား
1. Digital Transformation in Developing Countries: Oppor-tunities, Challenges, and Best Practices - South Africa, Ethiopia and Belize, A. M. Olugbemi, Journal of Academic Research, 2024.
2. National Digital Identity Programmes: What's Next? Case Studies: Estonia, Tunisia, India, Access Now Policy Paper, May 2018.
3. Estonian Digital Society Development Plan 2035, Ministry of Justic and Digital Affairs, Republic of Estonia.
4. Global Digital Compact: An Open, Free and Secure Digital Future for All, United Nations, September 2024. [un.org].
5. Digital Economy for Africa (DE4A) Initiative: Five Foun-dational Pillars of Digital Transformation, World Bank Group, Technical Framework Report, 2023. [worldbank.org].
6. UNDP Digital Strategy: Fostering Inclusive Digital Ecosystems, United Nations Development Progra-mme (UNDP), Strategic Guidance Paper, 2022. [undp.org].


