ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက်သူ ၉ ဦးအား မုံရွာခရိုင်ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူ

မုံရွာ ၂၆ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်တွင် ညအချိန် လမ်းသွားလမ်းလာများအား ဓားထောက်ခြိမ်းခြောက်၍ ပစ္စည်းလုယက်သူ ၉ ဦးအား ဇန်နဝါရီ ၂၅ ရက်က ဖမ်းဆီးရရှိကြောင်း မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သောင်းညွန့်ထံမှ သိရသည်။

မုံရွာမြို့ ပြည်ထောင်စုလမ်း၊ ဗိုလ်ချုပ်လမ်း၊ ကမ်းနားလမ်းနှင့် ကန်သာယာအနီးဝန်းကျင်တွင် သွားလာလျက်ရှိသူများကို အုပ်စုဖွဲ့ လူငယ်(၉)ဦးမှ ဆိုင်ကယ်များစီးနင်း၍ ဓားထောက်ခြိမ်းခြောက်ကာ လက်ကိုင်ဖုန်း၊ လက်ကိုင်ပိုက်ဆံအိတ်များနှင့် ဆိုင်ကယ်များကို လိုက်လံလုယက်ခဲ့ခြင်းဖြစ်သည်။

ပစ္စည်းလိုက်လံလုယက်သူ ၉ ဦးအနက် ၆ ဦးမှာ ယခင်လုယက်မှုများဖြင့် တရားစွဲဆိုခံထားရသူများဖြစ်ပြီး အသက် (၂၀)နှစ်ပြည့်ပြီးသူ (၂)ဦးသာပါဝင်ကာ ကျန် (၇)ဦးမှာ အသက် (၁၈)နှစ်အောက် လူငယ်များဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။

မုံရွာခရိုင် မှုခင်းနှိမ်နင်းရေး အဖွဲ့၏ စစ်ဆေးပေါ်ချက်များအရ လက်ကိုင်ဖုန်း (၁၀)လုံး၊ ဆိုင်ကယ် (၅)စီး၊ ရွှေထည်ပစ္စည်းများနှင့် လုယက်ရာတွင် အသုံးပြုသော ဓား(၂)လက်တို့ကို ရဲအုပ်ညိုသက်ဝင်းမှ ရပ်ကွက်အုပ်ရေးမှူးများ ရှေ့မှောက်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ရှာဖွေသိမ်းဆီးခဲ့သည်။

အဆိုပါ လုယက်သူများကို မုံရွာမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး လုယက်ခံရသူများ အမြန်ဆုံး ပစ္စည်းများ ပြန်လည်ရရှိနိုင်ရေးအတွက် ရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်မှ ကူညီဝန်ဆောင်မှုများ ပေးလျက်ရှိကြောင်း သိရသည်။

ကိုတိုးကြီး (မုံရွာ)