ဒေးဒရဲမြို့နယ် ကလေးစာပေပွဲတော်မှ ရင်တွင်းစကားသံများ

ဒေးဒရဲ  ၁၅   ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာ ဦးစီးဌာန၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသည့် ကလေးစာပေပွဲတော်(ဒေးဒရဲ)ကို တိုင်းဒေသကြီးအတွင်း (၁၁)ကြိမ်မြောက်အဖြစ် ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အ.ထ.က(၁) ကျောင်းဝင်းအတွင်း၊ ကရဝိက်ခန်းမတွင် ဒီဇင်ဘာလ(၁၆)ရက်နှင့် (၁၇)ရက်နေ့များတွင် ကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်လာ ကလေးစာပေပွဲတော်(အကြို) ရင်တွင်းပီတိ စကားသံများအား ဖော်ပြပေးလိုက်ပါသည်။

 

ဦးထက်မြက်အောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)

 

“ကျွန်တော်တို့ ဒေးဒရဲမြို့နယ်အနေနဲ့ အဓိကကတော့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီစဉ်မှုနဲ့ ခရိုင်၊မ ြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်(၂၆)မြို့နယ်မှာ ကျင်းပတာ ယခုဆိုရင် ကျွန်တော်တို့ဒေးဒရဲ မြို့နယ်က (၁၁)ကြိမ်မြောက် ကျင်းပခွင့်ရရှိတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်တော်တို့မြို့နယ်မှာ ကလေးငယ်တွေအားလုံးနဲ့ ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပါဝင်ဆင်နွှဲခွင့်ရအောင် ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာတော့ ကလေးစာပေပွဲတော်မှာ ထူးထူးခြားခြားပြခန်းအနေနဲ့ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများ ပြခန်းကို ထည့်သွင်းပြသထားပါတယ်။ ပြခန်းအတွင်းမှာဆိုရင် ဧရာဝတီတိုင်းအတွင်းက ထူးချွန်ထင်ရှားခဲ့တဲ့ နိုင်ငံရေးနယ်ပယ်၊ ဂီတပညာရှင်၊ ရုပ်ရှင်ပညာရှင်၊ သဘင်ပညာရှင်၊ ပန်းချီပညာရှင်၊  ကာတွန်းဆရာများ အစရှိတဲ့ နယ်ပယ်စုံက ထူးချွန်ထင်ရှားခဲ့သူ စုစုပေါင်း(၈၃)ဦးရဲ့ ကိုယ်ရေးအချက်အလက်၊ မှတ်တမ်းဓာတ်ပုံများနဲ့အတူ ပြသထားရှိတဲ့အပြင် ကလေးငယ်တွေအနေနဲ့ ထူးချွန်ထင်ရှားခဲ့တဲ့ ဧရာဝတီတိုင်းသားတွေကို စံနမူနာယူပြီး ကြိုးစားလိုတဲ့စိတ်၊ နောက်တစ်ခါ စာပေကိုချစ်မြတ်နိးတဲ့စိတ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီးတော့ ပြခန်းကိုဖွင့်လှစ် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ စာအုပ်၊ စာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတွေလည်း ထည့်သွင်းကျင်းပထားတဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်စာပေတွေကို အလွယ်တကူ လေ့လာနိုင်၊ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အလိုက် ပြိုင်ပွဲလေးတွေ ကျင်းပပေးတဲ့အတွက် စုပေါင်းပါဝင်ဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ အခုခေတ် ကလေးသူငယ်များ စာပေကိုလေ့လာဖတ်ရှုတတ်တဲ့ အလေ့အကျင့်ကောင်းတွေကို ရရှိလာအောင် မျှော်လင့်ချက်ထားပြီး ဆောင်ရွက်တာဖြစ်ပါတယ်။ ဒေးဒရဲမြို့နယ်သားအနေနဲ့ကတော့ ထင်ချွန်ထင်ရှား ဧရာဝတီတိုင်းသား ပြခန်းထဲမှာ ရန်ကုန်ဘဆွေ၊ ဒဂုန်တာရာ၊ သခင်ချစ်နဲ့ ကိုသန်းလှိုင်တို့လေးဦးရဲ့ အချက်အလက်တွေကို ပါဝင်ပြသနိုင်ခဲ့ပါတယ်”

 

ဦးသန်းလွင် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဒေးဒရဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်၁)

 

“ကလေးစာပေပွဲတော်တွေကတော့ သမ္မတကြီးနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ရဲ့ လမ်းညွှန်ချက်နဲ့အညီ တစ်နိုင်ငံလုံးမှာ ကျင်းပပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်သစ်ကလေးငယ်တွေအနေနဲ့ အနာဂတ်မှာ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကလေးစာပေပွဲတော်တွေကို ကျင်းပပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ လက်ရှိတာဝန်ရှိတဲ့ အစိုးရအဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာတွေ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေနဲ့ ပေါင်းစပ်ပြီးတော့ တတ်နိုင်သမျှ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် တစ်ဖက်တစ်လမ်းကနေ ဝိုင်းဝန်းကူညီကျင်းပပေးတာဖြစ်ပါတယ်။ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမျှော်အမြင်ကြီးကြီးမားမားထားရှိပြီးတော့ စာပေလေ့လာနိုင်ဖို့၊ ဖတ်ရှုနိုင်ဖို့၊ အသိတရား တွေခေါင်းထဲမှာ စွဲမြဲရောက်ရှိနေဖို့ အတွက်ယခုကလေးစာပေပွဲတော်တွေကို စီစဉ်ရခြင်းဖြစ်ပါတယ်။ ဒီလိုကျင်းပပေးခြင်းအားဖြင့် လူငယ်တွေရဲ့ စာဖတ်နှုန်းတွေတက်လာမယ်၊ ထူးချွန်ထက်မြက်တဲ့ ကျောင်းသားလေးတွေ ပေါ်ထွန်းလာမယ်လို့ ယုံကြည်မိပါတယ်။”

 

ဒေါ်နုနုရီ (မြို့နယ်ပညာရေးမှူး)

 

“ကျွန်မတို့ပညာရေးဌာနအနေနဲ့ဆိုရင် ပညာရေးပြခန်းဖွင့်လှစ်ထည့်သွင်းပြသမှာဖြစ်ပြီးတော့ ကလေးတွေကို ဗဟုသုတ ဖြစ်စေမဲ့ စာပေတွေလည်းပါမယ်၊ ကလေးတွေကို ပညာသင်ကြားတဲ့အခါ အထောက်အကူဖြစ်စေမဲ့ သင်ထောက်ကူ ပစ္စည်းတွေကို လေ့လာနိုင်မယ်။ တစ်မြို့နယ်လုံးမှာရှိတဲ့ အခြေခံပညာကျောင်း (၂၂၃)ကျောင်းအားလုံးကို ပါဝင်ဖို့ ဖိတ်ကြားထားပါတယ်။ ကလေးစာပေပွဲတော်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေနဲ့အတူ ဝိုင်းဝန်းပြီး အချိန်(၁)လခွဲလောက် ကြိုတင်ပြင်ဆင်ခဲ့ရပါတယ်။ ဒေးဒရဲမြို့နယ် ကလေးစာပေပွဲတော် အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက်၊ ခမ်းခမ်းနားနားဖြစ်ဖို့အတွက်  မြို့နယ်အတွင်းမှာ အားလုံးက အင်တိုက်အားတိုက်လုပ် ဆောင်ခဲ့ကြပါတယ်။ ကလေးစာပေပွဲတော် ကျင်းပပေးတဲ့အတွက် အသိပညာတွေ၊ ဗဟုသုတတွေရမယ်၊ ကျေးလက်ဒေသ ကျေိာင်းတွေက ကလေးတွေအတွက်က သူတို့ မမြင်ဖူးတဲ့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေ ပိုရမယ်။ ကလေးတွေရော၊ ကျောင်းသားမိဘတွေရော၊ ဆရာ/မတွေရော သက်ဆိုင်သူအားလုံးယခုလို ပူးပေါင်းဆောင်ရွက် လိုက်ရတဲ့အတွက် စည်းလုံးတဲ့ အင်အား၊ စွမ်းအင်တွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မြင့်မားမှုတွေ ရရှိလာမှာဖြစ်တဲ့အတွက် အရမ်းကို သဘောကျ ပီတိဖြစ်မိပါတယ်။ ပညာရေးဌာနအနေနဲ့ကတော့ အင်အားအများဆုံး တက်တက်ကြွကြွ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်ပေးထားပါတယ်။ ကျွန်မတို့ ကလေးတွေအတွက်ကတော့ စာပေဗဟုသုတတွေရော၊ စုပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထတွေရရှိမည့် အခွင့်အရေးတွေဖြစ်တဲ့အတွက် ယခုလို ကလေးစာပေပွဲတော် ကျင်းပခွင့်ရရှိတဲ့ အပေါ်များစွာ သဘောကျပီတိဖြစ်ရပါတယ်။

 

မပြည့်သင်းအိမ် (အ.ထ.က-၁၊ဒေးဒရဲ၊အဌမတန်း)

 

 “သမီးက ပွဲတော်တွေအားလုံးထဲမှာ ကလေးစာပေပွဲတော်ကို အကြိုက်ဆုံးဖြစ်ပါတယ်၊ ကျောင်းသားလူငယ်တွေဟာ နောင်အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့အတွက် သူတို့တွေဟာ စာပေရဲ့တန်ဖိုးကို သိရှိပြီးတော့ စာပေဖက်မှာရော၊ လူမှုရေးနယ်ပယ်ဖက်မှာရော၊ စာရိတ္တပိုင်းရောပေါ့နော်၊ ပိုပြီးတော့ကောင်းမွန်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ကြိုးစားချင်တဲ့ စိတ်တွေပေါက်ဖွားလာစေတဲ့ ဒီကလေးစာပေပွဲတော်ဟာ အရမ်းကို ပျော်ရွှင်ကြည်နူးဖို့ကောင်းပါတယ်။ သမီးတို့မြို့နယ်မှာဆိုရင် ကလေးစာပေပွဲတော်ကျင်းပတာ ဒါပထမဆုံးပါပဲ။ ကလေးစာပေပွဲတော်ကို ပါဝင်ဆင်နွှဲရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ပြပွဲ၊ ပြိုင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ စာပေနဲ့ပတ်သတ်တဲ့ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲတွေပါဝင်ပါတယ်။ သမီးကိုယ်တိုင်လည်း ကဗျာရွတ်ဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာပါ။ စာအုပ်ဈေးရောင်းပွဲတော်လည်း ပါဝင်မှာဖြစ်တဲ့အတွက် မောင်လေး၊ ညီမလေးတွေ၊ သူငယ်ချင်းတွေ သမီးနှင့်အတူ ဒီကလေးစာပေပွဲတော်ကို ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။”

 

မခွန်းရတီစု (အ.ထ.က-၂၊ ဒေးဒရဲ၊ ဆဌမတန်း)

 

 “သမီးတို့မြို့ကလေးမှာ ကလေးစာပေပွဲတော် လာရောက်ကျင်းပပေးတဲ့အတွက် အရမ်းဝမ်းသာ မိပါတယ်ရှင်။ သမီးအနေနဲ့ ဒီလိုပွဲမျိုးကို တစ်ခါမှမကြုံဖူးသေးပါဘူးရှင်။ ကလေးစာပေပွဲတော်မှာ အားကစားပြိုင်ပွဲ တွေလည်းပါဝင်မယ် ဆိုတာသိရတဲ့အတွက် ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲမှာ ဖြစ်သလို သူငယ်ချင်းတွေကိုလည်း ဝင်ရောက်ယှဉ်ပြိုင်စေချင်ပါတယ်၊ သမီးကတော့ ရုပ်ပြစာပေတွေ အဖတ်များပါတယ်။ စာအုပ်တွေလည်း ဝယ်ဖို့ စိတ်ကူးထားတယ်။ ကဗျာရွတ်ဆိုတာတို့ ပန်းချီဆွဲတာတို့အစရှိတဲ့ အခြားပြိုင်ပွဲတွေလည်း အများကြီးရှိတယ်။ ထူးချွန်ထင်ရှားဧရာဝတီတိုင်းသားများ ပြခန်းအပြင် ဌာနဆိုင်ရာပြခန်းတွေလည်း ပါဝင်ပြသထားတဲ့အတွက်ကြောင့် အများကြီးဗဟုသုတရပါတယ်။သူငယ်ချင်းတွေကိုလည်း လာရောက်ပါဝင်ဆင်နွှဲကြဖို့ ဖိတ်ခေါ်ပါတယ်။”

 

တွေ့ဆုံမေးမြန်း/ဓာတ်ပုံ- မောင်မောင်မြင့်၊

စိုးမင်းဦး၊ မိုးစက်၊

အောင်ဝင်းနိုင် ခရိုင်(ပြန်/ဆက်)