ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်

စီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်ရာ၌ ရရှိနိုင်မည့် အရင်းအမြစ်နှင့် စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြုခြင်းဖြင့် ပြဿနာများ ကိုင်တွယ်ဖြေရှင်းနိုင်ပုံ နှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဒီဇင်ဘာ ၃၀ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

 

အစီအစဉ်မှူး။   ။           ဒီအစီအစဉ်မှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်လုပ်ကိုင်မယ်ဆိုရင် ရရှိနိုင်မယ့် ပံ့ပိုးကူညီမှုတွေနဲ့ စုပေါင်းဆောင်ရွက်မှုစနစ်ကို ဘယ်လိုအသုံးပြုပြီး၊ ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနိုင်သလဲ စတဲ့အကြောင်းအရာတွေကို ဆွေးနွေးသွားမယ့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကနေ ကြိုဆိုပါတယ်။

 

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သူရနဲ့ TharMarDaw.Com ၏ Founder & CEO ဦးအောင်ကိုကိုသက်တို့က ပါဝင်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ပထမဦးဆုံး မေးခွန်းအနေနဲ့ စီးပွားရေးလုပ်ငန်းတစ်ခု၊ ပရောဂျတ်တစ်ခုကို စတင်လုပ်ကိုင်ခဲ့မယ်ဆိုရင် ဘယ်လိုပံ့ပိုးကူညီနိုင်မယ့် အရင်းအမြစ်တွေ ရှိနိုင်သလဲဆိုတာကို ဒေါက်တာအောင်သူရက ရှင်းပြပေးပါဦး။

 

ဒေါက်တာအောင်သူရ။              ။           ဒီခေတ် ဒစ်ဂျစ်တယ်စီးပွားရေးစနစ်မှာ စီးပွားရေးလုပ်ငန်း တစ်ခု၊ ပရောဂျက်တစ်ခုလုပ်မယ်ဆိုရင် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်သွားရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ဥပမာ - ယခင်တုန်းက ပရောဂျက်တစ်ခု သို့မဟုတ် ရုပ်ရှင်တစ်ခု ရိုက်မယ်၊ သီချင်း အခွေထုတ်မယ်ဆိုရင်ဖြစ်ဖြစ်၊ သို့မဟုတ် Product တစ်ခုကို ထုတ်မယ်ဆိုရင်ဖြစ်ဖြစ် နမူနာကောင်းတစ်ခု ထွက်လာတဲ့အဆင့်အထိ ရောက်လာတဲ့အချိန်မှာ အဲဒီအဆင့်ကနေ ဆက်ပြီးသွားနိုင်ဖို့ထက် ရပ်သွားတဲ့အဖြစ်က များပါတယ်။

 

ကိုယ်က နာမည်ကြီး အဆိုတော်လည်း မဟုတ်ဘူး၊ ရုပ်ရှင်ဒါရိုက်တာလည်း မဟုတ်ဘူးဆိုရင်ဒါက ပရောဂျတ်တစ်ခုကို ဆက်ပြီးသွားနိုင်ဖို့က မလွယ်ပါဘူး။ ဒီနေရာမှာ ဘာလုပ်ရလဲဆိုရင် အရင်တုန်းက စတူဒီယိုတွေ ရှာရမယ်၊ Music Label တွေ၊ ကိုယ့်ကိုအားပေးမယ့် အဖွဲ့အစည်းတွေ ရှာရမယ်။ စာအုပ်တစ်ခု ထုတ်မယ်ဆိုရင်တောင် အဲဒီစာအုပ်ကို ကိုယ်ကရေးမယ်ဆိုရင် များသောအားဖြင့် အဲဒီစာအုပ်ကို ထုတ်နိုင်ဖို့အတွက် စာအုပ်တိုက်တစ်ခုကို ရှာဖို့ဆိုတာ တော်တော်လေး မလွယ်ပါဘူး။

 

ယခင်ခေတ်က ဒီလိုအခက်အခဲတွေ အများကြီးကြုံခဲ့တော့ ကိုယ့်ပရောဂျက်တွေ တကယ်အောင်မြင်သွားဖို့၊ လူတွေက ကိုယ့်ရဲ့ပရောဂျက်ကို ကြိုက်နိုင်ရင်တောင် လူတွေလက်ထဲကို ရောက်သွားနိုင်တဲ့အထိကို အခက်အခဲ တစ်ခုရှိပါတယ်။

 

နောက်ပိုင်းမှာ ဒစ်ဂျစ်တယ်နည်းစနစ်တွေ ထွက်ပေါ်လာတဲ့အချိန်မှာ ဘာလုပ်လို့ရသလဲဆိုတော့ ကိုယ့်ရဲ့ပရောဂျက်ကို စတူဒီယိုအကြီးကြီးတွေက ဖြစ်ဖြစ်၊ စာအုပ်တိုက်အကြီးကြီးတွေက ဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံပေးမယ်အဆင့်တွေ မရောက်ခင်အချိန်မှာ အများက ကိုယ့်ရဲ့ ပရောဂျက်ကို လက်ခံနိုင်မယ့်သူတွေကို တင်ပြပြီး သူတို့ကို ဖြန့်ပေးနိုင်တဲ့အဆင့် တစ်ခုရှိပါတယ်။

 

ကိုယ်က ပရောဂျက်တစ်ခု စမယ်ဆိုရင် များသောအားဖြင့် လိုတာက နှစ်မျိုးရှိတယ်။ တစ်ခုက ငွေကြေးလုံလုံလောက်လောက် မရှိတာ။ ဒီပရောဂျက်ကို စတင်နိုင်ဖို့အတွက် ငွေကြေးကိုယ့်မှာ လုံလုံလောက်လောက် ရှိမယ်ဆိုရင်တောင် ပရောဂျက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်နိုင်ဖို့၊ ကုန်ပစ္စည်းတွေ ထုတ်နိုင်ဖို့၊ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကိုယ့်မှာ လုံလုံလောက်လောက် အင်အားမရှိတဲ့အခါမှာ တစ်ခုက ဘာပေါ်လာလဲဆိုရင် Crowd Funding ဆိုတာ ပေါ်လာတယ်။

 

Crowd Funding ဆိုတာက လူအများစုဆီက နည်းနည်းစီ၊ နည်းနည်းစီကို ကိုယ့်ကိုအားပေးပြီး ငွေထည့်ပေးတဲ့ စနစ်တစ်ခုပါ။ ဒီနေရာမှာ ငွေထည့်တယ်ဆိုတာ အမျိုးမျိုးဖြစ်နိုင်တယ်။ အကြောင်းအရာ အမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့က ချေးပြီးထည့်တာရှိတယ်။ တချို့က ရှယ်ယာလိုချင်လို့ ထည့်တာရှိတယ်။ တချို့က ကိုယ့်ကိုအားပေးချင်လို့ ထည့်တာရှိတယ်။ တချို့ကျတော့ ကိုယ့်ထုတ်ကုန်ကို သူများထက်ဦးပြီးရနိုင်လို့ ထည့်တာမျိုးလည်း ရှိတယ်။ ဒီနေရာမှာ အကြောင်းမျိုးစုံကြောင့် ကိုယ့်ကို ငွေကြေးထည့်ဝင်ပေးကြတာ ဖြစ်ပါတယ်။

 

ဒါပေမယ့် သူက အရင်ဘဏ်က ချေးငွေရတာတို့၊ ရှယ်ယာရင်းနှီးတာနဲ့ ဘာကွာသွားလဲဆိုရင် တစ်ယောက်စီ၊ တစ်ယောက်စီက နည်းနည်းစီ၊ နည်းနည်းစီ၊ ကိုယ်တတ်နိုင်သလောက်ထည့်တယ်။ ထည့်တဲ့သူတွေကလည်း တကယ့်ကျွမ်းကျင်တဲ့ ရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ဖို့မလိုဘူး။ ဘဏ်တွေလိုမျိုး သေချာသုံးသပ်ပြီး လုပ်တာမျိုးလည်း မဟုတ်ဘူး။ သူတို့က အများသောအားဖြင့် ကိုယ်တင်ပြတဲ့ ပရောဂျက်ကို ကြိုက်လို့၊ သူတို့အနေနဲ့ ဒါကို စိတ်ဝင်စားလို့၊ သူတို့အနေနဲ့ ကိုယ့်ကို အားပေးချင်လို့၊ တစ်ယောက်ကို နည်းနည်းစီ ထည့်ပေးကြတာပါ။

 

ဒါက ပရောဂျက် တစ်ခုစမယ်ဆိုရင် အဓိက ငွေကြေးလိုအပ်တယ်။ ဒုတိယတစ်ပိုင်းက ငွေကြေးဘက် မဟုတ်ပါဘူး။ တခြားအရင်းအမြစ်တွေ လိုပါတယ်။ ဥပမာ - နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှု လိုအပ်ပါတယ်။ Marketing Agency တစ်ခုကို ကိုယ့်ရဲ့ Logo တစ်ခုဆွဲပေးပါလို့ အလုပ်အပ်လိုက်တာထက် အင်တာနက်ကနေ လူအများစုကို ကိုယ်က ဆက်သွယ်နိုင်ပြီး ဘယ်သူက Logo တစ်ခုဆွဲပေးနိုင်သလဲ၊ ဘယ်အပိုင်းမှာ ကူညီပေးနိုင်သလဲဆိုတဲ့ အများစုစီက ပြန်စုပြီး ကူညီထောက်ပံ့မှု တစ်ခုရတာကို Crowd Sourcing လို့ခေါ်ပါတယ်။

 

အရင်ခေတ်က ပရောဂျက်တစ်ခု စလုပ်မယ်ဆိုရင် အကူအညီကို တစ်နေရာတည်းက ရနိုင်တယ်။ ကိုယ့်တိုင်းပြည်မှာလည်း တခါတလေကျရင် ရှိချင်မှ ရှိမယ်။ မြန်မာပြည်မှာ လုံလုံလောက်လောက် ဒါမျိုးကို စိတ်ဝင်စားလို့ အားပေးတဲ့အဖွဲ့အစည်းဆိုတာ ရှိချင်မှ ရှိမှာဖြစ်ပါတယ်။ ဒါပေမယ့် အင်တာနက်နည်းပညာကို အသုံးပြုသွားတဲ့အခါ ဉပမာ - ကိုယ်က Documentary တစ်ခုရိုက်ချင်တယ်။

 

မြန်မာပြည်က ချင်းပြည်နယ်မှာ နေထိုင်မှုပုံစံ ပရောဂျက်တစ်ခုကို Documentary ရိုက်မယ်။ မြန်မာပြည်မှာ ဒါကို ငွေကြေးစိုက်ထုတ်ကုန်ကျခံမယ့် အဖွဲ့အစည်းက ရှိချင်မှရှိမယ်။ ဒါပေမယ့် တခြားနိုင်ငံခြားအဖွဲ့အစည်းတွေက စိတ်ဝင်စားပြီး သူတို့ကူညီပေးချင်တယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ လုပ်ပေးတာမျိုးတွေ ရှိနိုင်တယ်။

 

အစီအစဉ်မှူး။   ။ အခြားနိုင်ငံတွေမှာ ကျယ်ပြန့်စွာ အသုံးပြုနေပေမယ့် မြန်မာနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် အသုံးမပြုနိုင်သေးတဲ့ တချို့အရာတွေလည်း ရှိပါတယ်။ မကြာမီ မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်တာတွေက ဘာတွေရှိနေလဲဆိုတာကို ဆွေးနွေးပေးပါဦး။

 

ဒေါက်တာအောင်သူရ။  ။           အများစုက ချေးငွေဆိုရင် မိတ်ဆွေ၊ ကိုယ့်အသိုင်းအဝန်းက ချေးတာတစ်ခုရှိမယ်။ နောက်တစ်ခုက ဘဏ်က ချေးငွေ ချေးတယ်ဆိုတာပဲ သိပါတယ်။ ဒါပေမယ့် Crowd Lending ဆိုတာ ကိုယ့်ပရောဂျက်ကို တင်ပြလိုက်တယ်။ ကိုယ့်ပရောဂျက်က ဒီလို ပုံစံမျိုးရှိတယ်။ ဒါမျိုးလုပ်ချင်တယ်။ ဒီအတွက် ဘယ်သူက ချေးမလဲဆိုပြီး တင်ပြလိုက်တယ်။

 

ချေးတဲ့ပလက်ဖောင်းတစ်ခုကို တင်ပြလိုက်တဲ့အချိန်မှာ ချေးချင်တဲ့သူတွေက တစ်ဦးစီလည်း ဖြစ်နိုင်တယ်။ အဖွဲ့အစည်းတွေလည်း ဖြစ်နိုင်တယ်။ အကုန်လုံးက ပရောဂျက်ကို ကြိုက်လို့ နည်းနည်းချေးချင် ချေးမယ်။ များများချေးချင် ချေးမယ်။ မျှပြီးချေးသွားတာကို Crowd Lending လို့ ခေါ်ပါတယ်။ ဉပမာ - သိန်းတစ်ထောင်တန်တဲ့ ပရောဂျက်ကို တစ်ယောက်က သိန်းငါးဆယ်ထည့်တယ်။ တစ်ယောက်က သိန်းနှစ်ဆယ်ထည့်မယ်။ နောက်တစ်ယောက်က သိန်းသုံးဆယ် ထည့်မယ်။ တဖြည်းဖြည်းနဲ့ အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာ ဒီပရောဂျက်အတွက် Financing တစ်ခုကို ရသွားတယ်။

 

ဒါပေမယ့် ချေးငွေဆိုရာမှာ နိုင်ငံတိုင်းက အစိုးရဖက်ကနေ ဒီချေးငွေနဲ့ပတ်သက်ပြီး Regulation ဆိုတာလည်း ရှိပါတယ်။ အတိုးနှုန်းဘယ်လောက်အထိ ဖြစ်ခွင့်ရတယ်။ ဘယ်လိုပုံစံနဲ့ ချေးခွင့်ရတယ်။ ဘာကို လုပ်ခွင့်ရတယ်။ ဘာကိုလုပ်ခွင့် မရဘူးဆိုတဲ့ ကန့်သတ်ချက်တွေရှိပါတယ်။ Crowd  Lending ဆိုတာရှိပေမယ့် ချေးငွေနဲ့ ပတ်သက်ရင် လိမ်လည်မှုတွေ၊ ပရောဂျက်တွေ မဟုတ်ဘဲနဲ့ ပြသွားပြီး ချေးငွေကို လိမ်သွားတာမျိုး မဖြစ်အောင် Regulation တွေ လိုအပ်ပါတယ်။ ဒါက လာမယ့်နှစ်တွေမှာ အခြားနိုင်ငံတွေလုပ်တဲ့ လမ်းကြောင်းအတိုင်း မြန်မာနိုင်ငံမှာ Crowd  Lending   ဆိုတာပေါ်လာဖို့ မျှော်လင့်ထားပါတယ်။

 

နောက်တစ်ခုကတော့ Crowd Lending တင်မကဘူး။ Equity Crowd Funding ဆိုတာ ကိုယ်က ပရောဂျက်တစ်ခု ပြလိုက်တယ်ဆိုရင် ကိုယ့်ပရောဂျက်ထဲကို ချေးငွေအနေနဲ့ ထည့်တာ မဟုတ်ဘဲ ရှယ်ယာအနေနဲ့ထည့်တာ ဖြစ်ပါတယ်။ အများကစုပြီး နည်းနည်းစီ ရှယ်ယာထည့်သွား တာရှိပါတယ်။

 

ဒါပေမယ့် ရှယ်ယာထည့်တဲ့အခါမှာလည်း သူ့ရဲ့ Regulation တွေရှိပါတယ်။ ရင်းနှီးမြှုပ်နှံသူ တွေကို လိမ်လည်မှုတွေ မဖြစ်အောင်၊ ပရောဂျက်တွေ ဗန်းပြပြီး ပိုက်ဆံတွေကို ထုတ်သွားတာ မျိုးတွေ မဖြစ်အောင် အစိုးရဖက်က ဉပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေကို သေချာလုပ်ရပါတယ်။ တိုင်းပြည်တိုင်း၊ တိုင်းပြည်တိုင်းမှာ Crowd Funding တွေ ရှယ်ယာထည့်နိုင်ဖို့ လုပ်ထုံး၊ လုပ်နည်းတွေကို အတိုင်းအတာတစ်ခုအထိ ပြင်ရပါတယ်။

 

ဘာကြောင့်လဲဆိုတော့ တိုင်းပြည်တိုင်းလိုလိုမှာ ပုဂ္ဂလိကကုမ္ပဏီဆိုရင် ရှယ်ယာရှင် အရေအတွက်ဘယ်လောက် ဖြစ်ခွင့်ရတယ်ဆိုတဲ့ ကန့်သတ်ချက်တွေ အများကြီးရှိပါတယ်။ ဘယ်လောက် အထိ အများဆုံးခေါ်လို့ရတယ်။ ဉပမာ - လူ ၅၀ အထိခေါ်လို့ရတယ် စသဖြင့် ဒီလိုမျိုး ကန့်သတ်ထားပါတယ်။ ဒါပေမယ့် Equity Crowd Funding လုပ်တဲ့အခါ ရင်းနှီးမြှုပ်နှံတာ ၅၀ မကဘူး၊ ရာနဲ့လည်း ချီသွားနိုင်ပါတယ်။

 

ပုဂ္ဂလိကကုမ္ပဏီအဖြစ် ပြောင်းလဲလောက်အောင် အနေအထားက မကြီးဘူးဆိုတော့ လုပ်ထုံးလုပ်နည်းတစ်ခုကိုပြင်ပြီး လူအများစုက ရင်းနှီးမြှုပ်နှံတဲ့ ပုဂ္ဂလိကကုမ္ပဏီရဲ့ စည်းကမ်းချက်တွေလောက် မတင်းကြပ်ဖို့လိုပါတယ်။ အခြားတိုင်းပြည်၊ နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ နည်းလမ်းတွေက ဘာတွေလဲ၊ ဘယ်လိုပြင်လိုက်ရင် ပိုကောင်းသွားမလဲဆိုပြီး လေ့လာလို့ရပါတယ်။ လုပ်လို့ရတဲ့ အပိုင်းတွေက Reward-based Crowd Funding ပါ။ Reward-based Crowd Funding ဆိုတာ ကိုယ့်ပရောဂျက်ကို တင်ပြလိုက်တယ်။

 

ပရောဂျက်ထဲကို ထည့်လိုက်တဲ့သူက ချေးငွေအနေနဲ့ ထည့်တာမျိုး မဟုတ်ဘူး။ ရှယ်ယာအနေနဲ့ထည့်တာ မဟုတ်ဘူး။ သူတို့အနေနဲ့ ဒီပရောဂျက်ကိုကြိုက်လို့ သူတို့ထည့်ပေးလိုက်ရင် လက်ဆောင်လေး ဘာပြန်ပေးမလဲဆိုတာ ကိုယ်ကနေ ကတိပြုပေးရပါတယ်။ ဉပမာ - ရုပ်ရှင်တစ်ခု ရိုက်တယ်ဆိုရင် ဒီရုပ်ရှင်ကို ကျန်တဲ့သူတွေကို မပြခင် ရင်းနှီးမြှုပ်နှံသူကို အရင်ပြရပါမယ်။ ဒါမှမဟုတ် တစ်ယောက်က ဒီပရောဂျက်ကို ရင်းနှီးမြှုပ်နှံထားတယ်ဆိုရင် တစ်ပိုင်းတစ်စလောက်မှာ ဇာတ်ပို့အနေနဲ့ပါ ခွင့်ပေးရမယ်။

 

ရုပ်ရှင်ထဲမှာ တစ်နေရာဝင်ပြီး တစ်ခန်းလောက် ရိုက်ခွင့်ရတာ ရှိချင်ရှိမယ်။ ဒါမျိုးက ရင်းနှီးမြှုပ်နှံတာလည်း မဟုတ်ဘူး။ ချေးငွေလည်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံမှာ အကျုံးဝင်တဲ့ ကန့်သတ်ချက်တွေ မရှိလောက်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီလိုမျိုးပါပဲ Crowd Sourcing ဆိုတာ အများစုဆီက အကူအညီတောင်းတဲ့ သဘောမျိုးပါ။ မြန်မာပြည်သာမက တစ်ကမ္ဘာလုံးကနေ အကူအညီတစ်ခု တောင်းနိုင်တဲ့အတွက် ဒါကကန့်သတ်ချက်တွေ မရှိလောက်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။

 

ဒါပေမယ့် ပရောဂျက်တစ်ခု စမယ်ဆိုရင် သေချာစဉ်းစားဖို့လိုပါတယ်။ ဘာတွေက အကျုံးဝင်တယ်။ ဘာတွေက ဉပဒေနဲ့ညှိနိုင်တယ်။ ဘာတွေက ခွင့်ပြုထားတယ်ဆိုတာကို နည်းနည်းလေးကြည့်ပြီး သုံးသပ်ပြီးတော့မှ စတင်စေချင်ပါတယ်။

 

အစီအစဉ်မှူး။   ။           စုပေါင်းဆောင်ရွက်ခြင်းစနစ်ရဲ့ အကြောင်းနဲ့ စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို ဘယ်သူတွေအတွက် အသုံးချလို့ရနိုင်သလဲဆိုတာ ရှင်းပြပေးပါဦး။

 

ဦးအောင်ကိုကိုသက်။    ။           စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အင်္ဂလိပ်လို Crowd Sourcing လို့ခေါ်ပါတယ်။ “စုပေါင်းဆောင်ရွက်ခြင်း” နဲ့ “စနစ်”ဆိုပြီး နှစ်ပိုင်းခွဲကြည့်လို့ရမယ် ထင်ပါတယ်။ ဘယ်သူတွေအတွက် အသုံးဝင်တယ်ဆိုတာကို မပြောခင်မှာ စုပေါင်းဆောင်ရွက်တဲ့အသွင်တွေကို ပြောပါမယ်။ Crowd Sourcing အမျိုးကွဲတွေ အမျိုးမျိုး သတ်မှတ်လို့ရတယ်။ Crowd Voting ဆိုတာရှိတယ်။ တစ်ခုခုနဲ့ ပတ်သက်ရင်စုပြီး Vote လုပ်တဲ့ကိစ္စတွေ၊ Creative Work, Art Work တွေ Crowd Sourcing လုပ်တဲ့ကိစ္စတွေစသဖြင့် အမျိုးမျိုးရှိပါမယ်။ 

 

မြန်မာနိုင်ငံမှာ ရှေးတုန်းတည်းက စုပေါင်းဆောင်ရွက်တယ်ဆိုတဲ့ အသွင်တွေက ရှိပြီးသားဖြစ်ပါတယ်။ အသစ်တော့ မဟုတ်ပါဘူး။ မြန်မာပြည်မှာရှိတာအများစုကို အင်္ဂလိပ်လို Implicit Crowd Sourcing လို့ ခေါ်လို့ရမယ်ထင်ပါတယ်။ သီးခြားသတ်မှတ်ထားတာ မရှိပါဘူး။ ဒါပေမယ့် ကိုယ်ဘာသာ ကိုယ်လုပ်ကြပါတယ်။ ဉပမာ - စာအုပ်ထုတ်ပြီး ရောင်းတယ်ဆိုတဲ့ကိစ္စ၊ ငယ်ငယ်တုန်းက ကဗျာစာအုပ်ထုတ်တဲ့ကိစ္စ၊ အခုအလှူငွေစုပြီးလှူတဲ့ကိစ္စ ဒါတွေအကုန်လုံးက Crowd Sourcing ထဲမှာ အကုန်လုံး အကျုံးဝင်ပါတယ်။ စုပေါင်းဆောင်ရွက်ခြင်းစနစ် တစ်ခုမှာ အခြေခံအားဖြင့် ရှုထောင့် ၅ ခုနဲ့ ခွဲကြည့်လို့ရပါတယ်။

 

နံပါတ်တစ်ရှုထောင့်က ဦးဆောင်စတင်သူ ရှုထောင့်ပါ။ သူက Idea တစ်ခုရှိမယ်။ ဒါက လုပ်သင့်တယ်။ ကောင်းတယ်။ တစ်ယောက်တည်း မနိုင်ဘူး။ ဒါဆိုရင် ငွေအား၊ လူအား၊ ပညာအား တစ်ခုခု လိုအပ်နေတယ်ဆိုတဲ့ကိစ္စကို သူက စားပွဲပေါ်ကို ယူလာတဲ့သူ ဖြစ်ပါတယ်။

 

ဒုတိယရှုထောင့်က ပါဝင်ဆောင်ရွက်ထည့်ဝင်သူ ရှုထောင့်ပါ။ အိုင်ဒီယာ (Idea) ကို ကြိုက်လို့၊ ခေါင်းဆောင်ကိုကြိုက်လို့၊ စနစ်ကိုယုံလို့ ငွေအား၊ လူအား၊ ပညာအားနဲ့ ပါဝင်ဆောင်ရွက်သူပါ။

 

တတိယရှုထောင့်က ချိတ်ဆက်ဆောင်ရွက်စီစဉ်ပေးသူ ရှုထောင့်ပါ။ ဦးဆောင်စတင်သူနဲ့ ချိတ်ဆက်ဆောင်ရွက်စီစဉ်သူက သူငယ်ချင်းတွေဖြစ်နေရင် ချိတ်ဆက်ဆောင်ရွက်စီစဉ်သူ မလိုပါဘူး။ ဒါပေမယ့် တကယ်လို့ ကြီးကြီးမားမားနဲ့ လူအများကြီးလုပ်ဖို့ လိုအပ်မယ်ဆိုရင် ချိတ်ဆက်ဆောင်ရွက်စီစဉ်သူ လိုပါမယ်။ သူက ပတ်ဝန်းကျင်ကို Crowd Sourcing Project အကြောင်း သတင်းဖြန့်ပေးတာကအစ လိုအပ်ရင်၊ လိုအပ်သလို ဘယ်သူက ဘယ်နေရာမှာ လုပ်ဖို့လိုနေပါတယ် ဆိုပြီး ဦးဆောင်တဲ့သူနဲ့ အဖွဲ့ဝင်တွေကိုပြန်ပြီး သတိပေးတာမျိုးတွေ ရှိပါမယ်။

 

နံပါတ်လေးရှူထောင့်က ကြပ်မတ်ကွပ်ကဲတဲ့သူ ရှုထောင့်ပါ။ အလုပ်တွေကို တရားမျှတအောင် ထိန်းချုပ်ကြပ်မတ်ကွပ်ကဲပြီး ဉပဒေအရ တရားမျှတအောင် လုပ်ပေးတဲ့သူလည်း လိုပါမယ်။

 

နံပါတ်ငါးရှုထောင့်က ဒစ်ဂျစ်တယ်နည်းပညာကို အသုံးချပြီးစီစဉ်ပေးတဲ့သူ ရှုထောင့်ပါ။ ဒစ်ဂျစ်တယ်ခေတ်စားလာတာက အင်တာနက်ပေါ်လာတဲ့အချိန်မှာ Crowd Sourcing စုပေါင်း ဆောင်ရွက်ခြင်းစနစ်ကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်သွားလို့ ရလာပါတယ်။ အရင်တုန်းက ကျွန်တော်တို့က သူငယ်ချင်း အချင်းချင်းအကြားမှာ၊ လုပ်ငန်းစုတစ်ခုထဲမှာ၊ ဒါမှမဟုတ် လုပ်ငန်းစု နှစ်ခု / သုံးခု ကြားမှာ ဖြစ်တယ်ဆိုပေမယ့်၊ အခုအင်တာနက်ပေါ်လာချိန်မှာ ရန်ကုန်မြို့လူတွေက မန္တလေးက လူတွေနဲ့ ပူးပေါင်းဆောင်ရွက်လို့လည်း ရလာပါတယ်။ မြန်မာပြည်ကနေ စင်္ကာပူနဲ့ အမေရိကတို့ကို ပေါင်းပြီး လုပ်ဆောင်လည်း ရလာပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာကို အသုံးပြုပြီး အလိုအလျောက် စနစ်တကျ အဆင်ပြေသွားအောင် တည်ဆောက်စီမံပေးမယ့် ဆော့ဖ်ဝဲလ်သမားတွေလည်း လိုလာပါတယ်။

 

အခုပြောခဲ့တဲ့ ရှုထောင့်အားလုံးကို အချိတ်အဆက်မိပြီး အစီအစဉ်ကျအောင် စနစ်တကျ ဖန်တီးတဲ့အခါ Crowd Sourcing စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေ ဖြစ်လာပါတယ်။ သာမန် နားလည်အောင်ပြောရရင် Crowd Sourcing ဆိုတာ အင်တာနက်ကို အခြေပြုပြီးဖန်တီးထားတဲ့ Facebook, Google လိုမျိုး Digital Software စနစ်တွေပါ။

 

ဒီဆော့ဖ်ဝဲလ်တစ်ခုမှာ ဦးဆောင်သူကလည်း သူလိုချင်တဲ့ Idea ကိုသွားပြီး တင်ထားလိုက်မယ်။ ပါမယ့်သူကလည်း စာရင်းသွင်းထားလိုက်မယ်။ စီစဉ်ပေးတဲ့သူက အဲဒီလူတွေကို လိုက်ကြည့်ပြီး ဘယ်နေ့မှာစမယ်၊ ဘယ်နေ့မှာ ဆုံးမယ်၊ ပိုက်ဆံတွေကို ဘယ်လိုဝေမယ် ဒါတွေကို စီမံပေးတဲ့သူ လည်းရှိမယ်။ ကြပ်မတ်ကွပ်ကဲသူက တရားဉပဒေဘောင်ထဲမှာ ရှိသလား၊ တရားမျှတမှု ရှိသလား၊ ငွေမည်းတွေလား ဒါတွေကို လိုက်စစ်ဆေးတာဖြစ်ပါတယ်။ အစိုးရလိုမျိုး ဖြစ်ပါတယ်။ ဒီဟာကို ဆော့ဖ်ဝဲလ်နဲ့စုပြီး အွန်လိုင်းပေါ်မှာ သွားနေတာ ဖြစ်ပါတယ်။

 

ဒါက Crowd Sourcing စနစ်တွေရဲ့ အခြေခံဖြစ်ပါတယ်။ ရှေးတုန်းက သာမန်စုပေါင်း ဆောင်ရွက်ခြင်းဆိုတာကို ပိုပြီးတမူထူးတဲ့အသွင်နဲ့ အခုဒစ်ဂျစ်တယ်ခေတ်မှာ ပိုပြီးကျယ်ပြန့်ထိ ရောက်အောင်  ဆောင်ရွက်ပေးထားတဲ့စနစ်မျိုးကို Crowd Sourcing စုပေါင်းဆောင်ရွက်ခြင်း စနစ်လို့ ခေါ်ပါတယ်။  စာအုပ်ထုတ်ပြီး ရောင်းတယ်ဆိုတဲ့ကိစ္စ၊ ငယ်ငယ်တုန်းက ကဗျာစာအုပ်ထုတ်တဲ့ကိစ္စ၊ အခုအလှူငွေစုပြီးလှူတဲ့ကိစ္စ စတာတွေကအစ မိမိပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက်အကျိုးရှိဖို့ အသွင်သစ်နဲ့ ပိုပြီးထိရောက်အောင်၊ ပိုပြီးကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ချင်သူတိုင်းအတွက် Crowd Sourcing စုပေါင်းဆောင်ရွက်ခြင်းစနစ်တွေ ရှိနေပါတယ်။

 

အစီအစဉ်မှူး။   ။           စုပေါင်းဆောင်ရွက်ခြင်းစနစ်ကို အသုံးပြုရင် မြန်မာနိုင်ငံမှာ ဘယ်လိုပြဿနာတွေကို ဖြေရှင်းပေးနိုင်သလဲဆိုတာ ဆွေးနွေးပေးပါဦး။

 

ဦးအောင်ကိုကိုသက်     ။           ။           လက်တွေ့မှာ တစ်ဦးတည်း၊ တစ်ယောက်တည်းလုပ်ရင် အခက်အခဲတွေ အများကြီးရှိပါတယ်။ တစ်ခါတစ်လေကျရင် ဒါက မိမိပတ်ဝန်းကျင်၊ အသိုင်းအဝန်းနဲ့ နိုင်ငံအတွက် အကျိုးရှိမယ့်ကိစ္စဆိုရင် ဒါမျိုးတွေကို ကိုယ်ထူကိုယ်ထစနစ်နဲ့ စုပေါင်းဆောင်ရွက်ခြင်းက ပြဿနာကို ပြေလည်စေတာ မှန်ပါတယ်။

 

ဒါပေမယ့် စုပေါင်းဆောင်ရွက်ခြင်းနဲ့ စနစ်ဆိုပြီး နှစ်ခုခွဲရင် စုပေါင်းဆောင်ရွက်ခြင်းမှာ ပြဿနာတွေ အများကြီးရှိနိုင်ပါတယ်။ နံပါတ်တစ် ပြဿနာက ဦးဆောင်စတင်သူပါ။ သူ့ရဲ့ ကောင်းတယ်ဆိုတဲ့ကိစ္စ၊ Idea, Concept ကို အများနားလည်အောင် တင်ပြဖို့ခက်ပါတယ်။ ဘယ်လိုပုံစံနဲ့ တင်ပြမလဲ၊ ဓာတ်ပုံတွေ ဘယ်လိုပြမလဲ၊ ဒါမှမဟုတ် Plan တွေ ရေးပြမလား ဒါက ခက်ပါတယ်။

 

ဒုတိယဖြစ်တဲ့ ပါဝင်ဆောင်ရွက်သူ တစ်ယောက်အနေနဲ့ သူဘာလုပ်ရင် ဘာဖြစ်မယ်၊ ငွေထည့်ရင် ဘာထွက်လာမယ်၊ သူ့ရဲ့ အလုပ်နဲ့ ရလာဒ်တွေကို ရှင်းလင်းစွာသိမြင်ဖို့ ခက်ပါတယ်။ နံပါတ်သုံးက ချိတ်ဆက်ဆောင်ရွက်စီစဉ်သူအတွက် အချိတ်အဆက်မိမိနဲ့ ထိရောက်အောင် ဆောင်ရွက်ပေးဖို့က ခက်ပါတယ်။ ဒီလိုပဲ ကြပ်မတ်ကွပ်ကဲသူ အစိုးရအနေနဲ့ မျက်ကွယ်မှာ ဘာတွေဖြစ် တယ်ဆိုတာ မသိဘူးဆိုရင်၊ အချက်အလက်တွေနဲ့ မြေပြင်အခြေအနေကို မသိဘူးဆိုရင် သူ့အနေနဲ့ စနစ်တကျဖြစ်အောင် စီစဉ်ပေးရတာ ခက်ပါလိမ့်မယ်။

 

ဘယ်သူက သာစေ၊ နာစေ ဆုံးဖြတ်ပေးရတာ ခက်ပါလိမ့်မယ်။ အချက်အလက်တွေနဲ့ မြေပြင်အခြေအနေကိုသိဖို့က ကြပ်မတ်ကွပ်ကဲသူက ခက်ပါတယ်။ ဒီလိုပဲ ဆော့ဖ်ဝဲလ်ရေးတတ်ရုံနဲ့ လုပ်လို့မရပါဘူး။ နည်းပညာကို အသုံးချစီမံပေးမယ့်သူကလည်း အထက်က လေးယောက်အတွက်ကို အဆင်ပြေစေမယ့် စနစ်တစ်ခုကို Support လုပ်ပေးဖို့ ခက်ပါတယ်။

 

တခြားနိုင်ငံတွေနဲ့ တခြားနေရာတွေမှာ Crowd Sourcing သုတေသနတွေနဲ့ လက်တွေ့ စမ်းသပ်တာတွေကိုလည်း အမျိုးမျိုးလုပ်ကြပါတယ်။ နောက်ဆုံးထွက်လာတဲ့ ရလာဒ်အနေနဲ့ လွယ်ကူရိုးရှင်းထိရောက်တဲ့ Crowd Sourcing စနစ်တွေ ဖြစ်လာပါတယ်။

 

ဒီစနစ်တွေကို ကျွန်တော်တို့က တစ်ခါတည်းယူသုံးလိုက်ခြင်းဖြင့် ခုနပြောတဲ့ ပြဿနာတွေကို တစ်ခါတည်းဖြေရှင်းလိုက်ပြီးသား ဖြစ်ပါတယ်။ ဒီတော့  ပြောချင်တာက နှစ်ခုပါ။ တစ်ခုက ရှေးကနဲ့မတူတဲ့ အသွင်နဲ့ ပိုမိုမြန်ဆန်လွယ်ကူအောင် အလုပ်တွေကို ပြီးမြောက်အောင် ဆောင်ရွက်လို့ ရလာပါတယ်။ နံပါတ်နှစ်က ဒီလိုဆောင်ရွက်တဲ့အခါရှိတဲ့ အခက်အခဲတွေကို နိုင်ငံတကာမှာ ခေတ်စားနေပြီးသား၊ ဖြေရှင်းပုံနည်းစနစ်တွေနဲ့ ကျွန်တော်တို့က ဖြေရှင်းဖို့အတွက် အဆင်သင့်် ရလာပါတယ်။ ဒီနှစ်ခုကြောင့် မြန်မာနိုင်ငံမှာ မိမိပတ်ဝန်းကျင်နဲ့ နိုင်ငံအတွက် အကျိုးရှိဖို့ အသွင်သစ်နဲ့ ပိုပြီးထိရောက်အောင်၊ ပိုပြီးကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်ချင်သူတိုင်းအတွက် ရှေးကထက် စုပေါင်းလုပ်ကိုင်ခြင်းရလာဒ်ကို အခွင့်အရေးပိုရှိလာတယ်လို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 

ထက်လျှံ