နီဇော်သစ်
အယ်လ်နီညိုဟုဆိုလျှင် အပူလှိုင်းဟုစွဲနေကြသဖြင့် မိုးခေါင်ရေရှားခြင်း၊ အပူချိန်ပြင်းထန်ခြင်းတို့ကဲ့သို့ ရာသီဥတု ဘေးအန္တရာယ်များကိုသာ ပြေးမြင်တတ်ကြသည်။ သို့သော် အယ်လ်နီညိုသည် ကမ္ဘာ့အချို့သော အရပ်ဒေသများ တွင် မိုးရေချိန်မြင့်တက်မှုကိုဖြစ်စေနိုင်သည်။ ပြီးခဲ့သည့် ဂျပန် စူပါတိုင်ဖွန်းမုန်တိုင်းတွင် ဒေသတစ်ခု၌ နိုဝင်ဘာ တစ်လလုံးစာ မိုးရေချိန်ကို တစ်ရက်တည်းနှင့် ရွာသွားသည်မှာ အယ်လ်နီညို၏အကျိုးဆက်ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ကောက်ချက်ချထားကြသည်။ အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တောင်အမေရိက တောင်ပိုင်းတွင် မြစ်ရေကြီးခဲ့သည်မှာလည်း အယ်လ်နီညိုဖြစ်စဉ်၏ အကျိုးဆက်တစ်ခုပင်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် တောင်အမေရိကတိုက်ရှိ ပီရူးနိုင်ငံတွင်မူ ပင်လယ်ရေပူနွေးလာမှုက အရေးကြီးသော ငါးသယံဇာတများကို ခြိမ်းခြောက်နေသည်။ ထိုဖြစ်စဉ်မှာလည်း စူပါအယ်လ်နီညို ဖြစ်လာနိုင်ခြေ၏ အကျိုးဆက်များထဲမှ တစ်ခုဖြစ်သည်။ ကျွန်တော်ပြောခဲ့သလို လူသားတို့သည် နည်းပညာသတ္တဝါများဖြစ်ရာ ထိုမျှပြင်းထန်သော ရာသီဥတုအခြေအနေတို့ကို နည်းပညာသုံးပြီး ဘယ်လိုတုံ့ပြန်နေကြလဲဆိုသည့်အကြောင်း ဆွေးနွေး သွားပါမည်။
အာဂျင်တီးနား-ရေကြီးမှုကို အာကာသမှ စောင့်ကြည့်ခြင်း
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်အမေရိကတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပါရနာမြစ်၊ ဥရုဂွေးမြစ်နှင့် အီဂူယာဇူမြစ်တို့တွင် မြစ်ရေမြင့်တက်မှုများဖြစ်ပေါ်ခဲ့သည်။ အာဂျင်တီးနားနိုင်ငံ ကိုရီယင်တက်စ်ပြည်နယ်တွင် ပါရာနာမြစ်ရေမြင့်တက်လာသဖြင့် အချို့ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ အိမ်နီးချင်း ပါရာဂွေးနိုင်ငံ အယိုလက်စ်မြို့တွင်လည်း လူ ၂၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး ဥရုဂွေးနိုင်ငံ၌လည်း မိုးရွာသွန်းမှုတို့ကြောင့် မြစ်အောက်ပိုင်းဒေသများ ရေကြီးခဲ့သည်။
ရေကြီးမှုသည် လူနေအိမ်များကိုသာ ထိခိုက်စေခြင်းမဟုတ်ပါ။ လမ်းများ၊ တံတားများ၊ လျှပ်စစ်ဓာတ်အားပေးစနစ်များနှင့် စိုက်ပျိုးမြေများ ပျက်စီးနိုင်သည်။ မွေးမြူရေးတိရစ္ဆာန်များ ရေနစ်သေဆုံးနိုင်သလို ရေကြီးပြီးနောက် သောက်သုံးရေညစ်ညမ်းမှု၊ ကူးစက်ရောဂါနှင့် စားရေရိက္ခာပြတ်လပ်မှုတို့လည်း ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
ထိုအန္တရာယ်များကို ရင်ဆိုင်ရာတွင် အာဂျင်တီးနားက မိုးလေဝသရေဒါနှင့် ဂြိုဟ်တုအချက်အလက်များကို အသုံးပြုနေသည်။ နိုင်ငံ၏အမျိုးသား မိုးလေဝသရေဒါစနစ် (SINARAME) သည် ရေဒါများမှရရှိသည့်အချက်အလက်များကို အသုံးပြုပြီး မိုးရွာသွန်းမှုနှင့် မိုးလေဝသဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ပေးသည်။ ထိုအချက်အလက်များက အချိန်တိုအတွင်း မိုးရွာသွန်းမှုကို ပိုမိုတိကျစွာ ခန့်မှန်းနိုင်ရန် အထောက်အကူပြုသည်။
ရေဒါက မိုးတိမ်များအတွင်းရှိ ရေစက်များ၊ မိုးသီးများနှင့် အခြားအမှုန်များမှ ပြန်လာသည့် လျှပ်စစ်သံလိုက်လှိုင်းများကို တိုင်းတာခြင်းဖြင့် မိုးရွာသွန်းနေသည့်နေရာနှင့် ပြင်းအားတို့ကို သိရှိစေသည်။ ဂြိုဟ်တုများကမူ ပိုမိုကျယ်ပြန့်သည့် ဒေသများ၏ တိမ်ဖုံးလွှမ်းမှု၊ မိုးရွာသွန်းမှုဆိုင်ရာ ခန့်မှန်းချက်နှင့် မြေပြင်ရေဖုံးလွှမ်းမှုတို့ကို လေ့လာနိုင်စေသည်။ ထို့နောက် မြစ်ရေတိုင်းတာချက်များ၊ မိုးရေချိန်မှတ်တမ်းများနှင့် ကွန်ပျူတာမော်ဒယ်များကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် ရေကြီးနိုင်ခြေရှိသည့်နေရာများကို ကြိုတင်ခန့်မှန်းနိုင်သည်။
ဤနေရာတွင် နည်းပညာ၏အကျိုးကျေးဇူးကို နားလည်ရန် အရေးကြီးသည်။ ရေဒါတစ်ခုရှိရုံဖြင့် ရေကြီးမှုကို တားဆီး၍ မရနိုင်ပါ။ သို့သော် ရေကြီးနိုင်မည့်အချိန်ကို ကြိုသိနိုင်ပါက ဒေသခံများကို ကြိုတင်ရွှေ့ပြောင်းရန်၊ မွေးမြူရေးတိရစ္ဆာန်များကို ကုန်းမြင့်ရာသို့ရွှေ့ရန်၊ ဆေးဝါးနှင့် အရေးပေါ်စားရေရိက္ခာများ ကြိုတင်စုဆောင်းရန် အချိန်ရရှိလာမည်ဖြစ်သည်။ တံတားများနှင့် လမ်းများ ပိတ်ထားရမည့်အချိန်ကို ဆုံးဖြတ်နိုင်သကဲ့သို့ ကယ်ဆယ်ရေးအဖွဲ့များကိုလည်း အန္တရာယ်အများဆုံး နေရာများသို့ ဦးစားပေးပို့ဆောင်နိုင်သည်။
ပီရူး-ပင်လယ်အောက်မှ ငါးအုပ်များကို အသံလှိုင်း ဖြင့် ရှာဖွေခြင်း
မြစ်ရေကြီးမှုနှင့် မတူညီသည့် အန္တရာယ်တစ်ခုကို ပီရူးနိုင်ငံက ရင်ဆိုင်နေရသည်။ ပီရူး၏ငါးလုပ်ငန်းအတွက် အရေးပါဆုံးငါးမျိုးစိတ်များထဲမှ တစ်မျိုးမှာ အန်ချိုဗက်တာဟုခေါ်သည့် ငါးသေးမျိုးဖြစ်သည်။ ငါးမှုန့်နှင့် ငါးဆီထုတ်လုပ်ရာတွင် အများအပြားအသုံးပြုကြပြီး ကမ္ဘာ့ငါးမွေးမြူရေးလုပ်ငန်းနှင့် တိရစ္ဆာန်အစာထုတ်လုပ်ရေးတို့အတွက် အရေးပါသည်။
ပုံမှန်အခြေအနေတွင် ပီရူးကမ်းရိုးတန်းအနီးရှိ ဟမ်းဘော့ ရေအေးစီးကြောင်းသည် အာဟာရဓာတ်ကြွယ်ဝသော ရေများကို ပင်လယ်အောက်မှ အပေါ်သို့တက်လာစေသည်။ ထိုအာဟာရဓာတ်များက ရေညှိငယ်များကြီးထွားစေပြီး အစာကွင်းဆက်၏ အခြေခံကိုဖန်တီးပေးသည်။ သို့သော် အယ်လ်နီညို ဖြစ်ပေါ်သည့်အခါ ပင်လယ်ရေပူနွေးလာခြင်း နှင့် အာဟာရဓာတ်ကြွယ်ဝသော ရေအေးများအပေါ် တက်လာမှုပုံစံပြောင်းလဲခြင်းတို့ကြောင့် ငါးများ၏ ဖြန့်ကြက်တည်ရှိမှု၊ ကြီးထွားမှုနှင့် မျိုးပွားမှုတို့ ထိခိုက်နိုင်သည်။
ပီရူး၏ ပင်လယ်သိပ္ပံသုတေသနအဖွဲ့ IMARPE သည် ထိုပြောင်းလဲမှုများကို စောင့်ကြည့်ရန် ရေအောက်အသံလှိုင်းစနစ် (hydroacoustics)ကို အသုံးပြုသည်။ သုတေသနသင်္ဘောများက အသံလှိုင်းများကို ရေအောက်သို့ပို့လွှတ်ပြီး ငါးအုပ်များထံမှ ပြန်လာသည့်အသံလှိုင်းများကို တိုင်းတာခြင်းဖြင့် ငါးများ၏တည်နေရာ၊ အနက်နှင့် ပမာဏကို ခန့်မှန်းနိုင်သည်။ ထိုစစ်တမ်းများကို ပင်လယ်ရေ မျက်နှာပြင်အပူချိန်၊ ဂြိုဟ်တုအချက်အလက်၊ ရေအောက်ဗော်ယာများနှင့် ဇီဝဗေဒဆိုင်ရာ စစ်ဆေးမှုများနှင့် ပေါင်းစပ်အသုံးပြုသည်။
ပြီးခဲ့သည့် ဇွန် ၁၁ ရက်တွင် ပီရူးထုတ်လုပ်ရေးဝန်ကြီးဌာနက သိပ္ပံဆိုင်ရာစောင့်ကြည့်လေ့လာမှု အပေါ်အခြေခံပြီး နိုင်ငံ၏အဓိကငါးလုပ်ငန်းဖြစ်သော အန်ချိုဗီငါးဖမ်းမှုကို မြောက်ပိုင်းနှင့် အလယ်ပိုင်းပင်လယ်ပြင်တို့တွင် ယာယီရပ်ဆိုင်းခဲ့သည်။ အဓိကစိုးရိမ်ချက်တွေက ပင်လယ်ရေအပူချိန် မြင့်တက်လာခြင်းနဲ့ ငါးငယ်အရေအတွက် များပြားနေခြင်းပါ။ ပြီးခဲ့သည့် စက်တင်ဘာလတွင်မူ ပီရူး၏ အမျိုးသားအယ်လ်နီညိုစောင့်ကြည့်ရေးအဖွဲ့(ENFEN) က ကမ်းရိုးတန်းအယ်လ်နီညို အားအလွန်ပြင်းထန်သည့်အဆင့်အထိ ရောက်နိုင်ကြောင်း ခန့်မှန်းထားပြီး အန်ချိုဗီငါးများ ပင်လယ်အောက်ပိုင်းကို ရွေ့လျားမည့်အခြေအနေကိုလည်း သတိပေးထားသည်။
သိပ္ပံနည်းကျစောင့်ကြည့်မှုမရှိပါက ငါးဖမ်းလုပ်ငန်းသည် ယခင်နှစ်များကဲ့သို့ပင် ငါးများများ တွေ့ရသည့်နေရာများတွင် ဆက်လက်ဖမ်းဆီးနေနိုင်သည်။ အချိန်တိုအတွင်း ဝင်ငွေရရှိနိုင်သော်လည်း မျိုးပွားနိုင်သည့် ငါးအရေအတွက် လျော့နည်းလာပါက နောင်နှစ်များတွင် ငါးသယံဇာတ ပိုမိုကျဆင်းနိုင်သည်။ ထိုအခြေအနေသည် ငါးဖမ်းသမားများ၏ အလုပ်အကိုင်၊ စက်ရုံအလုပ်သမားများ၏ ဝင်ငွေနှင့် နိုင်ငံ၏ ပို့ကုန်ဝင်ငွေတို့ကိုပါ ထိခိုက်စေနိုင်သည်။
နည်းပညာရှိရုံဖြင့် မလုံလောက်
အာဂျင်တီးနား၏ ရေကြီးမှုစောင့်ကြည့်ရေးစနစ်နှင့် ပီရူး၏ ငါးသယံဇာတစီမံခန့်ခွဲမှုတို့ကို နှိုင်းယှဉ်ကြည့်ပါက အရေးကြီးသောအချက်တစ်ခုကို တွေ့နိုင်သည်။ နည်းပညာသည် အချက်အလက်ကိုပေးနိုင်သော်လည်း ထိုအချက်အလက်အပေါ် မူတည်ပြီး အချိန်မီဆုံးဖြတ်ချက်ချမှသာ အကျိုးရှိလာမည်ဆိုသည့်အချက်ဖြစ်သည်။
ရေကြီးနိုင်ကြောင်း ကြိုတင်သိထားသော်လည်း လူများကိုရွှေ့ပြောင်းရန် လမ်းပန်းဆက်သွယ်ရေး၊ အရေးပေါ်အကူအညီနှင့် သတိပေးချက် ရောက်ရှိရေးစနစ်မရှိပါက ထိခိုက်မှုများ ဆက်လက်ဖြစ်ပေါ်နိုင်သည်။ အလားတူပင် ငါးအုပ်များ၏ အခြေအနေကိုသိရှိသော်လည်း ငါးဖမ်းမှုကို စည်းမျဉ်း စည်းကမ်းနှင့်အညီ မထိန်းချုပ်နိုင်ပါက သယံဇာတ ကျဆင်းမှုကို ကာကွယ်ရန်ခက်ခဲမည်ဖြစ်သည်။ နည်းပညာ၏ အဓိကတန်ဖိုးမှာ သဘာဝဘေးကို ပျောက်ကွယ်စေခြင်း မဟုတ်ဘဲ လူသားတို့၏ တုံ့ပြန်နိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြစ်သည်။


