နီဇော်သစ်
ပစိဖိတ်သမုဒ္ဒရာ၏ ရေမျက်နှာပြင်အပူချိန်သည် ကမ္ဘာ့နာမည်ကျော် ရာသီဥတုဖြစ်စဉ်နှစ်မျိုးကို မွေးဖွားပေးသည်။ အယ်လ်နီညိုနှင့် လာနီညာ။ အပူလှိုင်းနှင့် အအေးလှိုင်း။ အရှေ့မြောက်ကုန်သည်လေ တိုက်ခတ်အားနည်းသည့်ကာလတွင် အယ်လ်နီညိုဖြစ်သည်။ အရှေ့မြောက်ကုန်သည် လေအားကောင်းသည့်ကာလတွင် လာနီညာဖြစ်သည်။ ပုံမှန်ဆိုလျှင် ပုံမှန်ရာသီဥတုဖြစ်သည်။ ယခုနှစ်တွင် ပစိဖိတ်သမုဒ္ဒရာရေမျက်နှာပြင်သည် ထူးထူးကဲကဲပူသည်။ ရာစုနှစ် တစ်ခုစာနီးပါးတွင် အပူဆုံးဖြစ်စဉ်ဟု ကျွမ်းကျင်သူများကဆိုသည်။ ထို့ကြောင့် ဖြစ်တည်လာသည့် အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကလည်း ပြင်းထန်မည်။ စူပါအယ်လ်နီညို။ သတိထားမိသည်ဖြစ်စေ၊ မထားမိသည်ဖြစ်စေ ကျွန်တော်တို့ စူပါအယ်လ်နီညိုကို စတင်ထိတွေ့နေကြရပြီ။
လူသားတို့သည် နည်းပညာသတ္တဝါများဟု ယနေ့ခေတ်ပညာရှင်တို့က သမုတ်သည်။ မှန်ပါသည်။ ကျွန်တော်တို့သည် သမိုင်းတစ်လျှောက်နည်းပညာများကို ဖန်တီးပြီး ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများကို ကျော်လွှားလေ့ရှိသည်။ နိစ္စဓူဝ အခက်အခဲတို့ကို ကျော်လွှားရန်၊ ရာသီဥတုကို ကြံ့ကြံ့ခံရန်၊ အစာကွင်းဆက်တွင် ထိပ်ဆုံးသို့ ရောက်လာရန် နည်းပညာကို အသုံးချခဲ့ကြသည်။ ထို့ကြောင့်လည်း ယခုလို ထူးခြားပြင်းထန်သည့် ရာသီဥတုမျိုးကိုဖြစ်လာမှ သိခြင်းမျိုးမဟုတ်ဘဲ ကြိုတင်ခန့်မှန်းနိုင်ခြင်းဖြစ်သည်။ သို့ဆိုလျှင် ထိုသို့ ပြင်းထန်သောရာသီဥတုကို ဘယ်လိုမျိုးနည်းပညာ များဖြင့် ရင်ဆိုင်ဖို့ပြင်ဆင်နေကြပါသလဲ။
နည်းပညာကြောင့် စူပါအယ်လ်နီညိုအန္တရာယ်ကို အစောကြီးကတည်းက ကြိုသိထားသကဲ့သို့ မည်သည့်နိုင်ငံများအတွက် ပိုအရေးကြီးသလဲဆိုသည်ကိုပါ တွက်ချက်နိုင်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)တို့က ပြီးခဲ့သည့် ဇွန်လအတွင်း ဦးစားပေးနိုင်ငံ ၂၂ နိုင်ငံစာရင်းကို ထုတ်ပြန်ခဲ့သည်။ စူပါအယ်လ်နီညိုဖြစ်စဉ်ကို ရင်ဆိုင်ရာတွင် ဦးစားပေးအကူအညီပေးမည့်နိုင်ငံများဖြစ်သည်။ ရာသီဥတုဒဏ်ကိုပိုခံရပြီး တိုင်းပြည်အနေဖြင့်လည်း အကူအညီလိုအပ်သည့်နိုင်ငံများကို ဦးစားပေးရွေးချယ်ထားခြင်းဖြစ်သည်။ ထိုနိုင်ငံများ စာရင်းတွင် ကျွန်တော်တို့ အရှေ့တောင်အာရှနိုင်ငံများထဲမှ နှစ်နိုင်ငံပါဝင်နေသည်။ ဖိလစ်ပိုင်နှင့် အရှေ့တီမော။ ထို့ကြောင့် စူပါအယ်လ်နီညိုကိုရင်ဆိုင်ရန် ထိုနှစ်နိုင်ငံ ဘာတွေပြင်ဆင်ထားလဲဆိုသည်မှာ စိတ်ဝင်စားဖို့မကောင်းပါလား။
ဖိလစ်ပိုင်
ဖိလစ်ပိုင်နိုင်ငံ၏ စူပါအယ်လ်နီညိုကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်နေသည့် နည်းပညာများထဲတွင် မြေအောက်ရေမြေပုံနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေတင်စနစ်တို့က စိတ်ဝင်စားဖွယ်ကောင်းသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်က မိုးခေါင်မှုကိုရင်ဆိုင်ရန် မြေအောက်ရေအရင်းအမြစ် မြေပုံကိုသုံးပြီး ရေတင်နိုင်မည့်နေရာများကို ရှာဖွေနေကြောင်း ဖိလစ်ပိုင်အစိုးရက တရားဝင်ထုတ်ပြန်ကြေညာသည်။ မြေအောက်ရေအရင်းအမြစ်မြေပုံမှာ အများပြည်သူကြည့်ရှု နိုင်ရန် အင်တာနက်ပေါ်တွင် ဝက်ဘ်ဆိုက်အဖြစ် တင်ထားပြီးသားလည်းဖြစ်သည်။ အဓိကပါဝင်သည့်အချက်များမှာ ကျောက်သားအမျိုးအစား၊ ရေထွက်နှုန်းနှင့် ရေပြန်လည်ဖြည့်တင်းနိုင်မှုတို့ဖြစ်သည်။ ယခင်ကတည်းက တူးထားသော ရေတွင်းဟောင်းများထံမှ အချက် အလက်များ၊ ဘူမိသတင်းအချက်အလက် စနစ်ဟုဆိုနိုင်သည့် ဂျီအိုင်အက်စ်နည်းပညာတို့ကို သုံးပြီး နေရာအလိုက် မြေအောက်ရေရရှိနိုင်သည့် အခြေအနေကို ဖော်ပြထားသည့်မြေပုံ။ ထိုမြေပုံထဲမှ ရည်ညွှန်းချက်များအလိုက် အသုံးပြု၍ရနိုင်သည့် ရေထွက်အားကောင်းသောနေရာများကို ရှာဖွေပြီး မိုးခေါင်ရေရှားမှုကိုအန်တုရန် ဖိလစ်ပိုင်အစိုးရက စီစဉ်နေခြင်းဖြစ်သည်။
ထို့ပြင် ထိုနေရာများ၌ ရေတင်မည့် ရေစုပ်စက်များကိုလည်း နေရောင်ခြည်စွမ်းအင်သုံးပန့်များဖြစ်အောင် စီစဉ်နေသည်။ လျှပ်စစ်ဓာတ်အား မရောက်နိုင်သည့် နေရာများတွင် ရေတင်စေနိုင်သလို မြေပုံကပေးသည့် အချက်အလက်များကို ကွင်းဆင်းလေ့လာရာတွင်လည်း သုံးနိုင်စေသည်။ အမှန်တွင် မြေပုံသည် အလားအလာရှိသောနေရာများကို ခန့်မှန်းနိုင်အောင်သာ အကူအညီပေးနိုင်ပြီး နောက်တစ်ဆင့်တွင် မြေပြင်ကွင်းဆင်းလေ့လာမှုများပြုလုပ်ရန် အမှန်တကယ်လိုအပ်သည်။
ထိုနည်းပညာနှစ်မျိုးအပြင် ဖိလစ်ပိုင်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သည့် ဩဂုတ်လအတွင်း ဗဟိုလူဇန်ဒေသ တာလက်အရပ်တွင် လယ်ယာသုံး အလိုအလျောက်ရာသီဥတုတိုင်းတာရေးစခန်းကို တည်ဆောက်ခဲ့သည်။ ထိုစခန်းက အပူချိန်၊ စိုထိုင်းဆ၊ မိုးရေချိန်၊ လေတိုက်နှုန်း၊ နေရောင်ခြည်ရရှိမှုတို့အပါအဝင် လယ်ယာလုပ်ငန်းအတွက် အရေးပါသည့် ရာသီဥတုဆိုင်ရာ အချက်အလက်များကို စဉ်ဆက်မပြတ်ထောက်လှမ်းပြီး ထုတ်ပြန်ပေးလျက်ရှိသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ မိုး/ဇလခန့်မှန်းချက်များထက် ပိုမိုတိကျသည့် လယ်ယာဝန်းကျင် ရာသီဥတုအခြေအနေများ ကိုရရှိစေခြင်းဖြစ်ရာ ပိုမိုထိရောက်သည့်နည်းလမ်းဟုဆိုနိုင်သည်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းသည့် နည်းပညာတစ်ခုမှာ ဖိလစ်ပိုင်လူမှုရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက် တွင် တပ်ဆင်ခဲ့သည့် လေထုထဲမှ ရေငွေ့ကို သောက်ရေအဖြစ်ပြောင်းပေးသော AWG ဟု အတိုကောက်ခေါ်သည့်စနစ်ဖြစ်သည်။ လေထုစိုထိုင်းဆပေါ်မူတည်၍ နေရာတိုင်းတွင် အသုံးမပြုနိုင်သည့်တိုင် လက်ရှိ တပ်ဆင်ထားသည့်နေရာတွင် အိမ်ထောင်စု ၈၃၆ စုအတွက် သောက်ရေရရှိအောင် ဖြည့်တင်းပေးနိုင်မည်ဟုဆိုသည်။ လျှပ်စစ်အရင်းအမြစ်ကိုလည်း မဟာဓာတ်အားလိုင်း၊ နေရောင်ခြည်သုံးနှင့် မီးစက်သုံးမျိုးလုံး ဖြည့်ဆည်းပေးထားသည်ကို တွေ့ရသည်။
အနာဂတ်အစီအစဉ်အဖြစ်လည်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနနှင့် ဖိလစ်ပိုင်အာကာသအေဂျင်စီတို့ပူးပေါင်းပြီး ငါးနှစ်တာ စီမံကိန်းတစ်ခုကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က စတင်ခဲ့သည်။ ဂြိုဟ်တုဓာတ်ပုံ၊ ပထဝီဝင်အချက်အလက်နှင့် အေအိုင်နည်းပညာတို့ကိုသုံးပြီး စိုက်ခင်းအခြေအနေ၊ ရေလှောင်နိုင်သည့်နေရာ၊ ရေကြီးမှုနှင့် မိုးခေါင်မှုအန္တရာယ်များကို စောင့်ကြည့်ရန် ရည်ရွယ်ထားသည့်စီမံကိန်းဖြစ်သည်။
အရှေ့တီမော
အရှေ့တီမောတွင်မူ ကုလနှင့် အက်ဖ်အေအိုတို့၏ အမှန်တကယ်ထောက်ပံ့မှုများဖြင့် ကြိုတင်ပြင်ဆင်နေသည်ကို မြင်နိုင်သည်။ အထင်ရှားဆုံးဥပမာမှာ စိုက်ပျိုးရေးညွှန်းကိန်းစနစ်ဟု ဆိုနိုင်သည့် ASIS နည်းပညာကို စတင်အသုံး ပြုနေခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးခေါင်မှုကို အွန်လိုင်းမှ စောင့်ကြည့်နိုင်သည့်စနစ်ဖြစ်သည်။ အရှေ့တီမောအစိုးရနှင့် အက်ဖ်အေအိုတို့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး Green Climate ရန်ပုံငွေအဖွဲ့က ငွေကြေးထောက်ပံ့ပေးထားသည်။
ထိုစနစ်တွင် အဓိကအားဖြင့် ဂြိုဟ်တုအာရုံခံ စနစ်၊ မိုးခေါင်မှုပြမြေပုံနှင့် သတိပေးချက်၊ ဆုံးဖြတ်ချက်စနစ်ဆိုသည့် နည်းပညာသုံးမျိုး ပါဝင်သည်။ ဂြိုဟ်တုအာရုံခံစနစ်အရ စိုက်ခင်းများကို မြေပြင်တွင် သွားရောက်လေ့လာစရာမလိုဘဲ သီးနှံကြီးထွားမှုနှင့် ရေရရှိမှုအခြေအနေများကို စောင့်ကြည့်နေနိုင်၍ မိုးခေါင်ရေရှားဒေသများကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်စေသည်။ မိုးခေါင်မှုပြမြေပုံမှာ အစိုးရကို မည်သည့်ဒေသသို့ မည်သည့်အထောက်အပံ့များ ပေးသင့်လဲ ဆိုသည် ကို ဆုံးဖြတ်စေနိုင်သည်။ သတိပေးချက်စနစ်မှာ လယ်သမား၊ ယာသမားများထံသို့ နောက်ဆုံး မိုးလေဝသသတိပေးချက်များ အွန်လိုင်းမှ တိုက်ရိုက်ပို့ပေးနိုင်သည့်စနစ်ဖြစ်သည်။ သတိပေးချက်အပြင် ဘာလုပ်ရမလဲဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဆုံးဖြတ်ချက်ချမှတ်သည့် စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။
ယခုဖော်ပြခဲ့သည့် အချက်အလက်များမှာ ကျွန်တော်တို့ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံ၏ တရားဝင်အစိုးရ ဝက်ဘ်ဆိုက်များမှရရှိသော အချက်အလက်များဖြစ်ပြီး စူပါအယ်လ်နီညိုကို နည်းပညာသုံးပြီး တောင့်ခံနိုင်ရန် ဘယ်လိုကြိုတင်ပြင်ဆင်နေကြသလဲဆိုသည်ကို မြင်သာစေပါသည်။ နောက်အပတ်များတွင်လည်း အခြားနိုင်ငံများ၏ အလားတူပြင်ဆင်နေသည့် နည်းပညာများကို ဆွေးနွေးသွားပါဦးမည်။


