စပွန်ဆာရုပ်ရှင်ဇာတ်ကားနှင့် အမျှ အမျှ … ရုပ်ရှင်ဇာတ်ကားတို့ကို အောက်တိုဘာ ၃ ရက်တွင် ပြိုင်တူရုံတင်ပြသမည်

ရန်ကုန် ၂ အောက်တိုဘာ

 

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားနှင့် “အမျှ..အမျှ…” ရုပ်ရှင်ဇာတ်ကားတို့ကို အောက်တိုဘာ ၃ ရက်မှ စတင်၍ တစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံပေါင်း ၆၇ ရုံတွင် ပြိုင်တူရုံတင်ပြသသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ သမ္မတရုပ်ရှင်ရုံနှင့် Junction City၊ JCGV အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ယမန်နေ့ညပိုင်းက ကျင်းပသည့် ရုပ်ရှင်အထူးပြပွဲမှ သိရသည်။

 

“စပွန်ဆာ” ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်လမ်း လုံမ၊ ဇာတ်ညွှန်း သက်ဦးမောင်၊ ဒါရိုက်တာ အောင်ဇော်လင်း၊ သရုပ်ဆောင် အကယ်ဒမီ နေတိုး၊ အကယ်ဒမီ ဇင်ဝိုင်း၊ ရဲလေး၊ ပိုင်ဖြိုးသု၊ မြတ်ကေသီအောင်၊ ကျော်ကျော်၊ ဝါဝါအောင်၊ ချောကလျာ၊ ခိုင်သဇင်ဦး၊ သဉ္ဇာမြင့်မိုရ်နှင့် အနုပညာရှင်များစွာတို့က ပါဝင်သရုပ်ဆောင်ထားပြီး နယူးဖိုးဝ ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ထားသည်။

 

“မိဘ၊ ညီကိုမောင်နှမတွေရဲ့ မေတ္တာတရားကို အခြေခံထားတဲ့ ဇာတ်ကား တစ်ကားပါ၊ စပွန်ဆာဆိုတဲ့ ခေါင်းစဉ်အောက်မှာ မိသားစုအတွက် ပြေလည်အောင် ဆုံးဖြတ်တဲ့အချိန်မှာ ဆုံးဖြတ်ချက်မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ Title လေးပါ” ဟု သရုပ်ဆောင် အကယ်ဒမီ နေတိုးက ပြောသည်။

 

“အမျှ အမျှ…” ရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ညွှန်း မောင်မြတ်ဆွေ၊ ဒါရိုက်တာ စတီး၊ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ လင်းဇာနည်ဇော်၊ ကလေးသရုပ်ဆောင် ချစ်စနိုးနှင့် ယွန်းမေတို့ပါဝင်ပြီး R Square ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ထားကြောင်း သိရသည်။

 

သန့်ဇင်ဝင်း

 

1