စွပ်စွဲပြစ်တင်မှုအတွက် သမ္မတဟောင်း ထရမ့်အား အချိန်ပေးရန် ရီပတ်ဘလီကန်တို့ ပန်ကြား

ဝါရှင်တန် ဇန်နဝါရီ ၂၂

ဒီမိုကရက်တို့ တင်သွင်းထားသည့် သမ္မတဟောင်း ထရမ့် အပေါ် စွပ်စွဲပြစ်တင်ချက်အတွက် ရုံးတင်စစ်ဆေးမှုကို လာမည့် ဖေဖော်ဝါရီလရောက်မှသာ ဆောင်ရွက်ရန် ရီပတ်ဘလီကန်တို့က ယမန်နေ့တွင် ပန်ကြားခဲ့သည်။ ထရမ့်အနေဖြင့် ခုခံချေပနိုင်ရေးအတွက်အချိန်ယူရမည်ဖြစ် သဖြင့် အဆိုပါကိစ္စရပ်ကို ဖေဖော်ဝါရီလအထိ ဆိုင်းငံ့ထားရန် ရီပတ်ဘလီကန်တို့က တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထရမ့်သည် ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတတာဝန် ပြီးဆုံးပြီးနောက် ဖလော်ရီဒါရှိ ၎င်း၏ကိုယ်ပိုင်အပန်းဖြေ စခန်းတွင် သွားရောက်နေထိုင်လျက်ရှိသည်။ ဇန်နဝါရီ ၆ ရက် တွင် ဖြစ်ပွားခဲ့သည့် လွှတ်တော်အဆောက်အအုံ ဝင်ရောက်စီးနင်းမှုအတွက် သမ္မတထရမ့်တွင် တာဝန်ရှိ သည်ဟု ဒီမိုကရက်တို့ကဆိုကာ စွပ်စွဲပြစ်တင်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ဇန်နဝါရီ ၁၄ရက်တွင် အောက်လွှတ်တော်ရှိ ဒီမိုကရက်အားလုံးနှင့် ရီပတ်ဘလီကန်အမတ် ၁၀ ဦးတို့က ထရမ့်အား စွပ်စွဲ ပြစ်တင်မှုအပေါ် ထောက်ခံမဲပေးခဲ့ကြသည်။

ဆက်လက်ဆုံးဖြတ်မည်

အဆိုပါစွပ်စွဲချက်ကို အထက်လွှတ်တော်တွင် ဆက်လက်ဆုံးဖြတ်မည်ဖြစ်ကာ အထက်လွှတ်တော် အမတ် သုံးပုံနှစ်ပုံက ထရမ့်အား အပြစ်ရှိသည်ဟု မဲပေးမှသာ ၎င်းအနေဖြင့် ပြစ်ဒဏ်ချမှတ်ခံရမည်ဖြစ်သည်။ လတ်တလောအနေအထားတွင် အထက်လွှတ်တော်ကို ဒီမိုကရက်တို့ လွှမ်းမိုးထားပြီဖြစ်ရာ ရီပတ်ဘလီကန်အမတ် ၁၇ ဦး၏ ထောက်ခံမှုရရှိရုံမျှဖြင့် ထရမ့်ကို ပြစ်ဒဏ်ပေး နိုင်မည်ဖြစ်သည်။ သို့ရာတွင် အထက်လွှတ်တော်ရှိ ရီပတ်ဘလီကန် တို့က ယင်းစွဲချက်ကို ကန့်ကွက်မဲပေးရန် အသင့်ဖြစ်လျက်ရှိကြောင်း သိရသည်။

ရီပတ်ဘလီကန်များ၏ တောင်းဆိုချက်

ဇန်နဝါရီ ၂၁ ရက်တွင် အထက်လွှတ်တော် ရီပတ်ဘလီ ကန်ခေါင်းဆောင် မစ်မက်ကော်းက ရီပတ်ဘလီကန် အမတ်များကို စုစည်းပြီး အောက်လွှတ်တော်မှ စွဲချက်ကို ဇန်နဝါရီ ၂၈ရက်ရောက်ရှိမှသာ အထက်လွှတ်တော်သို့တင်ရန် ပန်ကြားခဲ့သည်။ ယင်းတောင်းဆိုချက်အရ မစ္စတာ ထရမ့် အနေဖြင့် ရုံးတင်စစ်ဆေးမှုကိစ္စရပ်ကို အကြိုခုခံချေပနိုင်ရန် အတွက် ပြင်ဆင်ချိန် ရက်သတ္တနှစ်ပတ်ရရှိမည် ဖြစ်သည်။

သမ္မတဟောင်း ထရမ့်အနေနဲ့ မျှတတဲ့ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခွင့်ရဖို့ထိုက်တန်ပါတယ်။ ဒါမှသာလျှင် သူ့ရဲ့ အခွင့်အရေးကို လေးစားမှုရှိရာရောက်ပါလိမ့်မယ် ဟု မစ္စတာ မစ်မက်ကော်နေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေလဲ့သင်း