COVID-19 ရောဂါအပေါ်မူတည်၍ လက်ရွေးစင်အသင်းအားလုံး လေ့ကျင့်မည့်ရက်သတ်မှတ်မည်

၂၇  မတ်

 

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဖွဲ့စည်းထားသည့် လက်ရွေးစင်အသင်းအားလုံး လေ့ကျင့်မှု ရပ်နားထားပြီး ရောဂါအခြေအနေအပေါ် မူတည်၍ လေ့ကျင့်မည့်ရက်များ သတ်မှတ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် ယူ-၂၁ အမျိုးသားအသင်းတို့မှာ ယခုလအတွင်း ကာလတိုလေ့ကျင့်ခဲ့ပြီး မတ်တတိယပတ်တွင် လေ့ကျင့်မှုရပ်နားခဲ့သည်။

 

ယင်းနှစ်သင်းစလုံးသည် ဇွန်လတွင် ဒုတိယအကြိမ်လေ့ကျင့်ရန် စီစဉ်ထားသော်လည်း ရောဂါအခြေအနေအပေါ် မူတည်ပြီး လေ့ကျင့်မည့်ရက် ပြောင်းလဲရဖွယ်ရှိနေသည်။ 

 

ထို့ပြင် ကာလရှည်လေ့ကျင့်ပြင်ဆင်ပြီး ပြည်တွင်းပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၈ အသင်းနှင့် မြန်မာယူ-၁၆ အသင်းတို့မှာလည်း ပြည်တွင်းပြိုင်ပွဲများ ရပ်နားခဲ့သောကြောင့် လေ့ကျင့်မှုရပ်နားထားသည်။ 

 

ပြည်တွင်းပြိုင်ပွဲများမှာ ရက်အကန့်အသတ်မရှိ ရပ်နားထားသည့်အပြင် ပြည်ပပြိုင်ပွဲများမှာလည်း ရွှေ့ဆိုင်းထားသောကြောင့် မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများအနေဖြင့် လတ်တလောလေ့ကျင့်ရန်မရှိဘဲ ကိုရိုနာဗိုင်းရပ်စ် အခြေအနေကောင်းမွန်မှသာ ပြန်လည်လေ့ကျင့်မည်ဖြစ်သည်။

 

ထို့ပြင် စခန်းဝင်လေ့ကျင့်ရန် စီစဉ်ထားသည့် မြန်မာလူငယ် အမျိုးသမီးအသင်းများလေ့ကျင့်မည့် အစီအစဉ်များကိုလည်း ရွှေ့ဆိုင်းထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းနှင့် လူငယ်လက်ရွေးစင်အသင်းများသည် ယခုနှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲများအပြင် အာရှအဆင့် ခြေစစ်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်