Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန်လေးတွေ တပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win ၊ရေးသားသူ Dr. Htet Htet Zaw Win

 

နောက်ပိုင်းမှာ မျက်ကပ်မှန်လေးတွေကို အနီးမှုန်၊ အဝေးမှုန် ပါဝါတွေကြောင့်ရော၊ ပါဝါမပါဘဲ အလှအနေနဲ့ရော တပ်ဆင်လာကြပါတယ်။ တချို့ကတော့ မျက်ကပ်မှန်တပ်ရမှာ ကြောက်ကြပေမယ့် တချို့ကတော့ မျက်မှန်အလေးကြီးတွေအစား ပေါ့ပါးတဲ့မျက်ကပ်မှန်လေးတွေတပ်ရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် မျက်လုံးကို အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံ အလှဆင်နိုင်တဲ့အတွက်လည်း မျက်ကပ်မှန်တွေက လူငယ်တွေကြားမှာ ပိုပြီး ခေတ်စားလာခဲ့ပါတယ်။

 

ဒီဆောင်းပါးလေးမှာတော့ မျက်ကပ်မှန်တပ်လေ့ရှိတဲ့ သူတွေအတွက် အန္တရာယ်မဖြစ်စေဖို့အတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ hello ဆရာဝန် ပရိသတ်ကြီးထဲမှာလည်း မျက်ကပ်မှန်လေးတွေ တပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

 

မျက်ကပ်မှန်တွေဟာ သေသေချာချာဂရုမစိုက်ဘူးဆိုရင် (သို့) မမှန်ကန်တဲ့ တပ်ဆင်နည်း၊ သိမ်းဆည်းနည်းတွေနဲ့ အသုံးပြုမယ်ဆိုရင် မျက်လုံးကို ထိခိုက်စေတဲ့အပြင် မျက်လုံးထဲကို ပိုးဝင်စေနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအချက်လေးတွေကို သေသေချာချာဂရုစိုက်ကြပါနော်။

 

၁။ မျက်ကပ်မှန် ကို မကိုင်ခင်မှာ လက်ဆေးပါ။

 

မျက်ကပ်မှန်ကို သန့်ရှင်းရေး လုပ်ဖို့အတွက်ပဲဖြစ်ဖြစ်၊ ထည့်ဖို့အတွက်ပဲဖြစ်ဖြစ် လက်နဲ့ ကိုင်မယ်ဆိုရင် လက်မှာကပ်တွယ်နေနိုင်တဲ့ ပိုးမွှားတွေရန်က ကာကွယ်ဖို့အတွက် အရင်ဆုံးလက်ကို ဆပ်ပြာနဲ့ ရေနဲ့ သုံးပြီး စင်ကြယ်အောင် ဆေးကြောပေးရပါမယ်။ ဒါ့အပြင် လက်မှာ အဆီတွေ၊ lotion တွေ၊ gel တွေ၊ ရေမွှေးတွေ ပေမနေဖို့ ဂရုစိုက်သင့်ပါတယ်။

 

၂။ မျက်လုံးကို မခြယ်သခင် မျက်ကပ်မှန် အရင်တပ်ပါ။

 

မိန်းကလေးတွေ မျက်လုံးကို အလှပြင်မယ်၊ ခြယ်သမယ်ဆိုရင် အဲဒါတွေ မလုပ်ခင်မှာ မျက်ကပ်မှန်ကို အရင်ကြိုပြီး တပ်ပြီးမှ ခြယ်သင့်ပါတယ်။ ဒါ့အပြင် ပြန်ဖြုတ်မယ်ဆိုရင်လည်း မျက်ကပ်မှန်ကို အရင်ဖြုတ်ပြီးမှ eye makeup တွေ ဖျက်သင့်ပါတယ်။

 

၃။ စနစ်တကျ သန့်ရှင်းရေးလုပ်ပေးပါ။

 

မျက်ကပ်မှန်ကို အသုံးပြုပြီးတိုင်းမှာ မျက်ကပ်မှန်ဆေးတဲ့ အရည်နဲ့ သန့်စင်တဲ့လက်ဖဝါးတစ်ဖက်ပေါ်မှာ မျက်ကပ်မှန်လေးကို တင်ပြီး နောက်လက်တစ်ဖက်ရဲ့ လက်ညှိုးလေးနဲ့ အသာအယာလေးပွတ်ပြီး ဆေးကြောပေးနိုင်ပါတယ်။ မျက်ကပ်မှန်ကို ရေပိုက်ကလာတဲ့ရေနဲ့ တိုက်ရိုက်ထိတွေ့စေပြီး ဆေးကြောတာမျိုးက ပိုးမွှားတွေအများကြီး ထိကပ်လာနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ မျက်ကပ်မှန်တင်မကပါဘူး။ မျက်ကပ်မှန်ထည့်တဲ့ ဘူးလေးကိုလည်း အသုံးပြုပြီးတိုင်း သေချာဆေးကြောသန့်စင် ပေးသင့်ပါတယ်။

 

၄။ မျက်ကပ်မှန် ထည့်ပြီး စိမ်ထားတဲ့ ဆေးရည်ကို မကြာခဏလဲပါ။

 

မျက်ကပ်မှန်လေးကို ထည့်စိမ်ထားတဲ့ ဆေးရည်ကိုလည်း မကြာခဏလဲလှယ်ပေးသင့်ပါတယ်။ ဆေးရည်တွေ မကုန်သေးတာကို အသစ်မလဲဘဲ၊ မသွန်ပစ်ဘဲ ဆေးရည်အသစ်တစ်မျိုးထပ်ထည့်တာမျိုးကို လုံးဝမလုပ်သင့်ပါဘူး။ အဲလို ဆေးရည်တွေကို ထပ်ထပ်ထည့်ပြီး သုံးမယ်ဆိုရင် မူလဆေးရည်ကို ပြင်းအားလျော့စေပြီး ပိုးတွေကို သေစေနိုင်တဲ့ အစွမ်းသတ္တိတွေကိုပါ လျော့နည်းစေနိုင်ပါတယ်။

 

၅။ အထူးညွှန်ကြားချက်တွေကို လိုက်နာပါ။

 

ပစ္စည်းအမျိုးအစား တစ်ခုနဲ့ တစ်ခုမတူညီတာကြောင့် ကိုယ်အသုံးပြုမယ့် အမျိုးအစားရဲ့ ဘယ်လောက်ကြာကြာသုံးလို့ရတယ်၊ ဘယ်လို သိမ်းသင့်တယ်စတဲ့ အညွှန်းတွေ နဲ့ expired date တွေကိုလည်း သတိထားကြည့်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မျက်လုံးခြောက်တာတွေ မဖြစ်ဖို့ artificial tear လို့ခေါ်တဲ့ မျက်စဉ်းဆေးလေးတွေ အသုံးပြုပေးဖို့ နဲ့ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာပေးဖို့ တိုက်တွန်းချင်ပါတယ်။

 

၆။ မျက်ကပ်မှန်ထည့်ပြီး သိမ်းဆည်းထားတဲ့ ဘူးလေးတွေကို ၃လ တစ်ခါလဲပေးပါ။

 

မျက်ကပ်မှန်တင်မကဘဲ မျက်ကပ်မှန်ထည့်တဲ့ ဘူးလေးတွေကိုပါ ပုံမှန်လဲလှယ်ပေးသင့်ပါတယ်။

 

၇။ မျက်ကပ်မှန်ကို အချိန်အကြာကြီး မဝတ်ထားမိပါစေနဲ့။

 

များသောအားဖြင့် မျက်ကပ်မှန်ကို ၅ နာရီ၊ ၆ နာရီထပ်ပိုပြီး မဝတ်ထားသင့်ပါဘူး။ ဒါ့အပြင် ဆရာဝန်ညွှန်ကြားချက်ရှိမယ်ဆိုရင် ညွှန်ကြားတဲ့အချိန်ထက်ပိုပြီး မဝတ်မိဖို့ သတိထားသင့်ပါတယ်။

 

၈။ မျက်ကပ်မှန်တပ်ထားပြီး မအိပ်ပါနဲ့။

 

၉။ အခြားသူရဲ့ မျက်ကပ်မှန်ကို အသုံးမပြုပါနဲ့။

 

ရောဂါပိုးတွေ ကူးနိုင်တဲ့အပြင် အမှိုက်တွေလည်း ကပ်ပါလာနိုင်တာကြောင့် အထူးသဖြင့် သူများဝတ်ထားပြီးသား မျက်ကပ်မှန်ကို ပိုပြီး အသုံးမပြုသင့်ပါဘူး။

 

၁၀။ မျက်ကပ်မှန် တပ်ပြီး မျက်လုံးက ယားလာတာမျိုးဖြစ်တဲ့အခါ ချက်ချင်းချွတ်ပါ။

 

မျက်ကပ်မှန်တပ်ပြီး မခံမရပ်နိုင်အောင် ယားလာတာ၊ စပ်လာတာ၊ ခိုးလိုးခုလု ဖြစ်လာတာမျိုးရှိရင် ချက်ချင်းချွတ်ပြီး သေချာပြန်ဆေးကြောသင့်ပါတယ်။

 

၁၁။ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

 

ရုတ်တရက် မျက်လုံးမမြင်ရတော့တာ၊ အချိန်အကြာကြီး မျက်လုံးဝါးသွားတာ၊ နာလာတာ၊ ရောင်လာတာ၊ နီရဲပြီး ယားလာတာမျိုးဖြစ်လာရင် ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

 

ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ မျက်ကပ်မှန်လေးတွေကို အန္တရာယ်ကင်းကင်းနဲ့ တပ်ပြီး လှပတဲ့ မျက်ဝန်းလေးတွေကို ဖန်တီးနိုင်ကြပါစေနော်။

 

ရေးသားသူ
Khine Phoo Ngon