စည်းကမ်းမဲ့လမ်းဖြတ်ကူးသူ ၃၅ ဦးအား အရေးယူဆောင်ရွက်

ရန်ကုန် အောက်တိုဘာ ၁၄

 

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း သတ်မှတ်ထားသည့် ခုံးကျော်တံတား၊ မြေအောက်လမ်း၊ လူကူးမျဉ်းကျားနှင့် ခွင့်ပြုထားသောနေရာများမှ ဖြတ်သန်းသွားလာရန်နှင့် စည်းကမ်းမဲ့ ဖြတ်သန်းသူများကို အရေးယူဆောင်ရွက်လျက်ရှိရာ နှစ်ရက်အတွင်း စည်းကမ်းမဲ့ လမ်းဖြတ် ကူးသူ ၃၅ ဦးကို အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီမှ ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ ဆူးလေခုံးကျော်တံတားအောက်မှ လမ်းဖြတ်ကူးကြသည့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ကိုးဦးကို လည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီးသုံးဦး တို့ကိုလည်းကောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်ခဲ့သည်။

 

“ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ အများပြည်သူခရီးသွားလာရာမှာ အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုလို ဆောင်ရွက်မှုအပေါ် လူမှုကွန်ရက်မှာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အားပေးထောက်ခံသူအားလုံးကို ကျေးဇူးတင်ပါတယ်။ လမ်းအသုံးပြုသူ ပြည်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း ဖြတ်သန်းသွားလာကြဖို့ တိုက်တွန်းလိုပါတယ်” ဟု ကျောက်တံတား မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ဒုတိယရဲမှူး မိုးဝင်းက ပြောသည်။

 

ထိုသို့ စည်းကမ်းမဲ့လမ်းဖြတ်ကူးသူများကို အရေးယူဆောင်ရွက်မှုကြောင့် ရက်ပိုင်းအတွင်း ခုံးကျော်တံတားများကို အသုံးပြုဖြတ်သန်း သွားလာသူ များပြားလာလျက်ရှိပြီး ခုံးကျော်တံတားအောက်မှ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူအရေအတွက် လျော့ကျသွားကြောင်း သိရသည်။

 

သတင်း-သစ္စာ(MNA)၊ ဓာတ်ပုံ - ဇွဲမာန်