စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၌ တတိယသုံးလပတ်အတွင်း ခရီးသည်သွားလာမှု ၁၇ ဒသမ ၄ သန်း ရှိလာ

အောက်တိုဘာ ၂၀

စင်ကာပူနိုင်ငံရှိ ချန်ဂီလေဆိပ်တွင် ၂၀၂၆ ခုနှစ် တတိယသုံးလပတ်အတွင်း ခရီးသည်သွားလာမှု စုစုပေါင်း ၁၇ ဒသမ ၄ သန်း ရှိခဲ့ရာ ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ထိုလေဆိပ်အုပ်စုက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါခရီးသည်သွားလာမှု မြင့်တက်လာခြင်းသည် ဥရောပ၊ အရှေ့မြောက်အာရှနှင့် အနောက်တောင်ပစိဖိတ်ဒေသတို့မှ ခရီးသွားလာမှု လိုအပ်ချက်များကြောင့် ဖြစ်သည်ဟု လေဆိပ်အုပ်စုက ဆိုသည်။

သုံးလပတ်အတွင်း ခရီးသည်အသွားအလာ အများဆုံးရှိခဲ့သည့် လေကြောင်းခရီးစဉ်ငါးခုမှာ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဒန်ပါဆာ၊ ဘန်ကောက်နှင့် ရှန်ဟိုင်းတို့ ဖြစ်ကြောင်း လေဆိပ်အုပ်စုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ခရီးသည်အသွားအလာ အများဆုံးရှိသည့် ထိပ်ဆုံး ၁၀ ခုအနက် တိုကျိုနှင့် မဲလ်ဘုန်းခရီးစဉ်တို့တွင် တိုးတက်မှုအမြင့်ဆုံး မှတ်တမ်းတင်ခဲ့ပြီး တိုကျိုခရီးစဉ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်း၊ မဲလ်ဘုန်းခရီးစဉ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း လေယာဉ်ဆင်းသက်မှုနှင့် ပျံတက်မှုများ အပါအဝင် လေယာဉ်အသွားအလာ စုစုပေါင်း ၂ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၉၃၉၀၀ ကြိမ်အထိ ရှိလာသည်ဟု သိရသည်။

လေကြောင်းလိုင်းများသည် လောင်စာဆီကုန်ကျစရိတ် မြင့်တက်မှုနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဖိအားများကို ရင်ဆိုင်နေရသော်လည်း လေကြောင်းခရီးသွားလာမှု လိုအပ်ချက်တွင် ခံနိုင်ရည်ရှိရှိ ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ချန်ဂီလေဆိပ်အုပ်စု၏ လေကြောင်းအချက်အချာနှင့် ကုန်စည်ပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အမှုဆောင်ဒုတိယဥက္ကဋ္ဌ လင်ချင်းကျတ်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို